myaelatt athan

Sharing Information to the Local

ကျေးရွာပကဖစခန်းစီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၇ ဦးနဲ့ ကျောင်းသား ၄ ဦး ပစ်သတ်ခံရ

◼ လက်နက် ၁၇ လက် သိမ်းဆည်းခံရပြီး အမျိုးသား ၂၀ ကျော်ကို ဖမ်းဆီးသွား

ဂန့်ဂေါ၊ မေ ၁၂၊ ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာပကဖစခန်းစီးနင်းခံရပြီး ပကဖတပ်ဖွဲ့ဝင် ၇ ဦးနဲ့ စခန်းအတွင်းမှာရှိနေတဲ့ ကျောင်းသား ၄ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၁၂ ရက် ဒီကနေ့မနက် ၂ နာရီခန့်မှာ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ တပ်ရင်းကလာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းဟာ ကျေးရွာစာသင်ကျောင်းအနီးရှိ ပကဖစခန်းကိုဝင်စီးပြီး စခန်းတွင်းရှိနေသူတွေကို သေနတ်နဲ့ပစ်သတ်သွားတာလို့ဆိုပါတယ်။

“ပကဖ ရဲဘော်က ၇ ဦးရှိတယ်။ အပျော်တမ်းလာအိပ်ကြတဲ့ ကျောင်းသားကလေး ၄ ဦး လည်းရှိတယ်။ သူတို့ကိုတွေ့တဲ့နေရာမှာပဲ အပြင်ဘက်ကိုခေါ်ထုတ်ပြီး ပစ်သတ်သွားတယ် “လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေပစ်သတ်ခဲ့တာကြောင့် လယ်မကျေးရွာနေ ၇ တန်းကျောင်းသား အသက် ၁၂ နှစ်အရွယ် မောင်လျှံထွန်း၊ ၈ တန်းကျောင်းသား အသက် ၁၃ နှစ်အရွယ် မောင်မှိုင်းဝေ၊ ၉ တန်းကျောင်းသား အသက် ၁၅ နှစ်အရွယ် သီဟလင်း၊ မျိုးသီဟနဲ့ ကျေးရွာပကဖအဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၁၉ နှစ်မှ ၃၉ နှစ်အကြားရှိ ကျော်မြတ်သူ၊ ဂျွန်ကိုဝင်း၊ ညီလေး၊ နေလင်းဦး၊ အောင်ကြည်မင်း၊ ကျော်စန်းခိုင်၊ သက်ပိုင်ဦး တို့ ၇ ဦးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စီးနင်းခံရတဲ့ကျေးရွာပကဖစခန်းကနေ လက်နက်ငယ် သေနတ် ၁၇ လက်နဲ့ ဆက်စပ်ခဲယမ်းပစ္စည်းတွေလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီအဖွဲ့ဝင်တွေဟာ လယ်မကျေးရွာကို ဆက်လက်စီးနင်းခဲ့ပြီး ကျေးရွာတွင်းက အသက် ၂၀ ကနေ ၄၀ ကြားအမျိုးသား ၂၀ ဦးကိုဖမ်းဆီးပြီး ခလရ ၅၀ ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

“ ရွာခံ အရွယ်ကောင်းယောကျ်ားတွေကိုမှ စုပြီးတော့ဖမ်းသွားတာ” လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်တွေမှာတော့ ဂန့်ဂေါနယ်က PDF တွေကို စစ်ကောင်စီတပ်တွေက သတင်းအတိအကျရတာကြောင့် သွားရောက်တိုက်ခိုက်ခဲ့ရာ ၂၂ ဦးသေဆုံးပြီး သေနတ် ၁၇ လက်သိမ်းဆည်းရရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။

လက်ရှိမှာ အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၈၀၀ ကျော်နေထိုင်တဲ့ လယ်မကျေးရွာက ပြည်သူတွေဟာ စစ်ကြောင်းရန်ကြောင့် ရွာလုံးကျွတ်ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။