ဝက်လက်၊ မေ ၁၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၂ ရက်အတွင်း ကျေးရွာ ၅ ရွာ လေကြောင်းကနေဗုံးကြဲခံရပြီး ၈ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့တိုက်နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
မေ ၁၀ ရက် နေ့လယ် ၁ နာရီခန့်မှာ ရှိန်းမကားကျေးရွာကို ဂျက်ဖိုက်တာနဲ့ဗုံး ၁ လုံးကြဲချခဲ့ရာ ကျေးရွာအနောက်ဘက် ပြည့်ရှိန်းအောင်ဓာတ်ဆီဆိုင်နား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရှိန်းမကားတိုက်နယ်တာဝန်ခံက ပြောပါတယ်။


“တိုက်ပွဲမဟုတ်ဘဲ ခရိုင်ချင်းဆက်လမ်း တောင်ဘက်က ပန့်ဆိုင်ကိုပစ်သွားတာ။ လူထိခိုက်တော့မရှိဘူး။ အဲ့နေရာက အန္တရာယ်ရှိတော့ ဆီမရောင်းခိုင်းထားဘူး။ ပြည်သူကလည်းမရှိတော့ ထိခိုက်မရှိဘူး။ ဆီဆိုင်နဲ့ လက်ဖက်ရည်ဆိုင်ဟောင်းလေး ပျက်စီးသွားတယ်”လို့ ရှိန်းမကားတိုက်နယ်တာဝန်ခံက ပြောပါတယ်။
ညနေ ၄ နာရီ မိနစ် ၃၀ ခန့်မှာတော့ ရွာတော်ကုန်းကျေးရွာထဲကို စစ်ကောင်စီဘက်က ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ဗုံး ၂ လုံးကို ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာအရှေ့ဘက် နေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။


“ရွာထဲမှာ တော်လှန်ရေးအဖွဲ့မရှိဘူး။ ဘာမှမရှိဘူး။ ကဆုန်ညောင်ရေသွန်းပွဲကို အလှည့်တောင်လုပ်မှာ။ ၁ နာရီ ၂ နာရီလောက် စောသွားလို့။ မဟုတ်ရင် လူစုလူဝေးနဲ့ကဆုန်ညောင်ရေသွန်းပွဲတောင်လှည့်မယ့်အချိန်ပဲ။ ကျောင်းမှာလူစုမယ်လုပ်ခါနီးလေး ကြဲသွားတာ။ ညောင်ရေသွန်းပွဲလည်း မလုပ်ဖြစ်တော့ဘူး။”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က ကြဲချတဲ့ဗုံးဟာ လူနေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲပြီး ၁၄ နှစ်အရွယ် မောင်ကောင်းဆက်ပိုင်၊ ၃၃ နှစ်အရွယ် မဌေးသူဇာဦး၊ ၄၃ နှစ်အရွယ် မသဲစုမာ၊ ၄၅ နှစ်အရွယ် မမူယာနွယ်၊ ၄၇ နှစ်အရွယ် မသူဇာနွယ်၊ ၅၃ နှစ်အရွယ် ဒေါ်သင်းသင်းနွယ်၊ ၅၇ နှစ်အရွယ် ဒေါ်ခင်စန်းရီ၊ ၇၀ နှစ်အရွယ် ဒေါ်သန်းဌေးတို့ နေရာမှာပဲ သေဆုံးသွားပါတယ်။


ဒါ့အပြင် အသက် ၁၃ နှစ်ကနေ ၇၀ အရွယ်ကြားရှိ မခင်ရတနာ၊ မဆွေဆွေလဲ့၊ ဒေါ်ခင်စန်းဝင်း၊ ဒေါ်သင်းသင်းဦး၊ မဇင်မျိုးလှိုင်၊ မထွေးငယ်၊ ဒေါနုဝင်း၊ ဦးခင်မောင်သန်း၊ ဦးမြင့်လွင်၊ ဦးကျော်စိုးခိုင်၊ ဦးဝင်းမင်းသန့်တို့ ၁၁ ဦးဒဏ်ရာရသွားပြီး နေအိမ် ၈ လုံးပျက်စီးခဲ့ရပါတယ်။
သေဆုံးသူတွေက မီးလောင်ထားပြီး ဗုံးမှန်တဲ့ဒဏ်ရာတွေကြောင့် ရုပ်တောင်သေချာမပေါ်တော့လို့ နေ့တွင်းချင်း သင်္ဂြိုဟ်လိုက်ရတယ်လို့သိရပြီး သေဆုံးသူ ၈ ဦးစလုံးက မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။


မေ ၁၁ ရက် ဒီနေ့မနက် ၇ နာရီကျော်ခန့်မှာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ရွှေပန်းကုန်းကျေးရွာထဲကို ဗုံး ၂ လုံးကြဲချခဲ့ရာ ကျေးရွာစာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲပြီး အသက် ၁၈ နှစ်ကျော်အရွယ် အမျိုးသမီး ၁ ဦး ဦးခေါင်းအစမှန်ဒဏ်ရာနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ဒဏ်ရာရကာ စာသင်ကျောင်းနဲ့နေအိမ် ၂ လုံးပျက်စီးခဲ့ပါတယ်။
မနက် ၁၀ နာရီခန့်မှာတော့ ဝက်လက်နယ်အရှေ့ခြမ်း သစ်ဆိမ့်ရွာကို တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာက ဗုံး ၁ လုံးကြဲချခဲ့ရာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၁ ဦးဒဏ်ရာရကာ နွား ၃ ကောင်သေဆုံးခဲ့ပါတယ်။

မနက် ၁၁ နာရီကျော်ခန့်မှာတော့ မဲတောကုန်းကျေးရွာထဲကို လေကြောင်းကနေ ဗုံး ၁ လုံးကြဲချခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းပျက်စီးကာ လူထိခိုက်တာတော့မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ရွှေပန်းကုန်း၊ ရွာတော်ကုန်း၊ မဲတောကုန်း၊ သစ်ဆိမ့်ကျေးရွာအပါဝင် ကျေးရွာ ၆ ရွာက ဒေသခံ ၄,၀၀၀ ကျော် ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စာတည်း – လင်း