myaelatt athan

Sharing Information to the Local

စစ်ကိုင်းက မြို့နယ် ၃ ခုမှာ လေယာဥ်ဗုံးကြဲခံရပြီး ဓမ္မာရုံနဲ့ နေအိမ်တွေပြိုကျပျက်စီး

ကျော်ကြီးအောင်စိုး

မြေလတ်အသံ၊ မေ ၁၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေး၊ ခမ်းပါတ်နဲ့ ကနီမြို့နယ်တွေမှာ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခံရပြီး နေအိမ်အဆောက်အဦအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ကနီမြို့နယ်၊ အရှေ့မြောက်ခြမ်း ဆူးလေကုန်းကျေးရွာကို မေ ၉ ရက် ယမန့်နေ ညနေ ၄ နာရီခန့်မှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

” သုံးကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်။ ရွာထဲကိုဘဲကျတာ။ ရွာထဲကိုမှ လူခြေစိပ်တဲ့နေရာကိုကျတာ။ ရွာပြင်ကိုတလုံးမှ မပါဘူး။ လူကတော့ထိခိုက်မှုမရှိလိုက်ဘူး။ နေအိမ်တွေတော့ပျက်စီးဆုံးရှုံးမှုရှိတယ်” လို့ ကနီမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လေယာဥ်ဗုံးကြဲချချိန် ရွာခံအများစုက ကျေးရွာအနီးယာခင်းတွေမှာ အလုပ်လုပ်နေကြချိန်ဖြစ်ပြီး ကျေးရွာအတွင်းရှိသူတွေက ဗုံးခိုကျင်းတွေထဲ အချိန်မီဝင်ပုန်းခိုနိုင်တာတွေကြောင့် လူထိခိုက်မရှိတာလို့ ၎င်းက ဆက်ပြောပါတယ်။

လေယာဥ်ဗုံးကြဲခံရလို့ ဆူးလေကုန်းရွာက ဓမ္မာရုံ ၁ လုံးအပါ နေအိမ်အဆောက်အဦ ၁၄ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါနေအိမ်တွေအနက် တိုက်ခံအိမ် ၅ လုံးမှာ လုံးဝပြိုကျပျက်စီးသွားခဲ့ကာ ကား၊ ဆိုင်ကယ်နဲ့ နွားတွေလည်း သေဆုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရတဲ့ဆူးလေကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို ကျေးရွာအတွင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တပ်စွဲနေထိုင်တာမရှိဘဲ ၎င်းရွာမှာ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်၊ လူဦးရေ ၄,၀၀၀ ကျော်ရှိကာ မကြာခဏဗုံးကြဲခံနေရတာကြောင့် ရွာခံ ၂,၀၀၀ ကျော်လောက်က ကျေးရွာကနေ စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

အလားတူ မေ ၈ ရက် နေ့လယ် ၃ နာရီကျော်မှာ ကလေးမြို့နယ်မြောက်ပိုင်းရှိ လက်ပံချောင်းကျေးရွာကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ လေကြောင်းကနေ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကလေးဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

” ရွာမှာက လူသိပ်မနေကြဘူး။ စစ်ရှောင်နေကြတာပေါ့။ အဲတာကြောင့် လူအထိအခိုက်မရှိခဲ့တာ။ အိမ်ကတော့ ၅ လုံးပျက်စီးတယ်”လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် မေ ၉ ရက် ညနေ ၆ နာရီခန့်မှာ တမူးခရိုင်၊ ခမ်းပတ်မြို့အနီးပတ်ဝန်းကျင်ကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံး ၂ လုံးကြဲချခဲ့ရာ လူအထိအခိုက်မရှိခဲ့ဘူးလို့ တမူးဒေသခံတော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

“ကြဲတာကတော့ တော်လှန်ရေးအဖွဲ့တွေနေတဲ့နေရာတွေလို့ ယူဆပြီးကြဲတာထင်တယ်။ တောထဲတွေကိုကျတယ်။ ထိခိုက်၊ ပျက်စီးတာမရှိဘူးလို့သိရတယ်” လို့ သူက ဆိုပါတယ်။

အထက်ပါ ကလေးနဲ့ ခမ်းပါတ်ဒေသတွေမှာလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။