ခမရ ၅၉၈ ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ရွှေကျင်၊ မေ ၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်တိုက်ပွဲပါ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မေ ၈ ရက် မနက် ၄ နာရီကျော်ကစပြီး ခမရ ၅၉၈ တပ်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ကာ နေ့လယ် ၂ နာရီခန့်မှာ တပ်ရင်းဗဟိုကင်းအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

” အကုန်ရှင်းပြီးသွားပြီ ဗဟိုကင်းကော ဘာကော။ နေ့ခင်းတနေကုန် လေယာဉ်နဲ့ရှင်းတာ သူတို့တိုက်တွေ အကုန်ကုန်ပြီ။ တို့ဘက်က လေးယောက်ကျတယ်။ သူတို့ဘက်က အကုန်စုပြီး သေကြတာ။ လက်ဦး(ကနဦး)က ညှာသေးတယ်။ လက်နက်ချအလင်းဝင်ပေါ့နော်။ သူတို့ကလက်နက် မချဘဲ ငါတွေနဲ့ပြန်တုတ်ပြီးတော့ စက်လတ်နဲ့ပြန်ကုတ်တော့ ဒီဘက်က အကုန်ဝိုင်းပစ်တော့ တော်တော်များများသေတယ်။ “လို့ မြေပြင်တိုက်ခိုက်ရေးပါအဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၂၀ ဦးကျော်သေဆုံးတာကို မျက်မြင်တွေ့ရပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က 02 အဖွဲ့ဝင် ၁ ဦး၊ ရန်ကုန်အီးဂယ်လ်အဖွဲ့ဝင် ၁ ဦး၊ တောင်ညိုစစ်ကြောင်းက ၂ ဦးသေဆုံးကာ ဝေါပြည်သူ့ကာကွယ်ရေးအဖွဲ့ က ၂ ဦး၊ ဘုရားကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့က ၁ ဦး၊ တောင်ညိုစစ်ကြောင်းက ၄ ဦးတို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

“သူတို့ဗဟိုကင်းကျတော့ အဲဒီအထဲကို လေယာဉ်နဲ့ပစ်ထည့်တာ ကုန်ပြီသူတို့တိုက်တွေ။ ဂျက်ဖိုက်တာ ၄ စီး Y 12 ၂ စီးလောက်နဲ့ တောက်လျှောက်ချတာ။ ထွက်ပြေးတဲ့ကောင်တွေ လွတ်သွားတာရှိတယ်။ တို့ရှင်းလို့ကျန်တာကို သူတို့လေယာဉ်နဲ့ပစ်တာကုန်ပြီ”လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ လက်နက်နဲ့ခဲယမ်းဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိထားတာရှိပြီး အသေးစိတ်ကတော့ သက်ဆိုင်ရာဘက်ကထုတ်ပြန်မယ်လို့ သိရပါတယ်။

တပ်ရင်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အဆက်မပြတ်လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ပူးပေါင်းတပ်တွေဘက်က တပ်ဝန်းအတွင်းနေထိုင်တာမရှိဘဲ ပြန်ဆုတ်ခွာလာခဲ့ကြတယ်လို့ ဆိုပါတယ်။

လေကြောင်းကနေ အကြိမ် ၃၀ ထက်မနည်းဗုံးကြဲခဲ့ပြီး မေ ၉ ရက် ဒီမနက်ပိုင်းမှာတော့ ကွင်းဆိပ်၊ ညောင်ခြေထောက်၊ ဝင်းကံကျေးရွာဘက်ကို Y 12 နဲ့လေကြောင်းကင်းထောက်မှု ပြုလုပ်နေကာ တိုက်ပွဲထပ်ဖြစ်တာတော့မရှိသေးဘူးလို့ သိရပါတယ်။

ဧပြီ ၂၃ ရက်ကလည်း ကွင်းဆိပ်ကျေးရွာအတွင်းရှိ နယ်မြေရဲစခန်းကို ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်းရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။