ကောလင်း၊ မေ ၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရှောက်ပင်ခြုံကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ Kawlin People Defence Force – KLPDF ဆီက သိရပါတယ်။
မေ ၇ ရက် ဒီနေ့မနက်အစောပိုင်း ၁ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။


“အရပ်သားနေအိမ်ပေါ် ကို ကြဲချသွားတာ၊ ပြည်သူအထိအခိုက်အသေအဆုံးကတော့မရှိဘူး၊ ကား၊ ဆိုင်ကယ် ပစ္စည်းတွေနဲ့ နေအိမ်ပဲထိခိုက်ပျက်စီးသွားတာ၊ လေယာဉ်ကြဲတဲ့အချိန်မှာ အဲ့ဒီအိမ်မှာက အမျိုးသား ၁ ဦးပဲရှိတယ်၊ လေယာဉ်သံကြားတော့ အိမ်ပေါ်ကနေခုန်ချတာမှာ သူကတော့ဘေးကင်းသွားတယ်။” လို့ KLPDF တာဝန်ရှိသူတဦးက ပြောပါတယ်။
ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့အိမ်ဟာ ရွာလယ်ပိုင်းကုန်းမြင့်ပေါ်မှာရှိပြီး ဗုံစထိမှန်ပြီး နေအိမ် ၁ လုံး၊ ကား၊ ဆိုင်ကယ်၊ ဘက်ဟိုးကားတို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


“ကြဲခံရတဲ့အိမ်က ရွာလယ်ပိုင်းကပဲ၊ ကုန်းမြင့်ပိုင်းဆိုတော့ အိမ် ၁ လုံးပဲပျက်စီးတယ်၊ တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး၊ အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီးကြဲသွားတာ။”လို့ KLPDF တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်လည်း ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း