myaelatt athan

Sharing Information to the Local

ဆည်တော်လေးဆည်ရေလွှတ်လို့ အိမ်ထောင်စု ၂၀၀ ခန့် ရေဘေးရှောင်ရ

မန္တလေး၊ မေ ၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စုအတွင်းရှိ ဆည်တော်လေးဆည်က ရေလွှတ်တာကြောင့် အိမ်ထောင်စု ၂၀၀ ခန့်အရေးပေါ်ရွှေ့ပြောင်းကြရတယ်လို့ ဒေသလူမှုကူညီရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။

မေ ၃ ရက်မှာရွာတဲ့မိုးကြောင့် တောင်ကျချောင်းရေစီးဆင်းပြီး ဆည်တော်လေးဆည်အတွင်း ရေဝင်ရောက်တာများလာတဲ့အတွက် မေ ၄ ရက် မနက်ပိုင်းမှာ ဆည်ရေလွှတ်ချခဲ့တာလို့ ဆိုပါတယ်။

ဆည်ရေအပါအဝင် တောင်ကျချောင်းရေတွေကြောင့် အုန်းချောချောင်းအတွင်းရေများလာရာက ချောင်းနံဘေးလူနေအိမ်တွေထဲထိရေဝင်ရောက်လာတာလို့ ဆိုပါတယ်။

“ဆည်တော်လေးရေနဲ့တောင်ကျရေဆုံပြီး ရေဝင်တာပေါ့။ အုန်းချော၊ ငါးမိုင်၊ ခြောက်မိုင်၊ တံတားကွင်းလမ်းတွေပေါ့။ ကမ်းနားကအိမ်တွေဆို မြုပ်တာတွေရှိတယ်။ အရေအတွက်ကတော့ ရာဂဏန်းတော့ မရှိဘူး။ ရေဝင်လို့ ရွှေ့ပြောင်းကြတာမျိုးရှိတယ်”လို့ ဒေသလူမှုကူညီရေး အသင်းဝင်တဦးက ပြောပါတယ်။

တောင်ကျရေတွေဟာ ကမ်းနားအနိမ့်ပိုင်းတွေမှာ ၅ ပေခန့်ထိတက်လာပြီး အမြင့်ပိုင်းတွေမှာတော့ ၁ ပေခန့်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အုန်းချောကျေးရွာက အိမ်ထောင်စု ၂၀၀ ခန့်ဟာ ကျေးရွာရဲ့ကုန်းမြင့်ပိုင်းတွေရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ကိုယ့်အစီအစဥ်နဲ့ကိုယ်ရွှေ့ပြောင်းနေထိုင်ကြပြီး မေ ၅ ရက်ဒီမနက်ပိုင်းထိ ရေပြန်မကျသေးတာကြောင့် နေအိမ်တွေကိုပြန်ရတာမျိုးမရှိသေးဘူးလို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ဆည်တော်လေးဆည်အထက်ဘက်ဒေသတွေမှာ မိုးများလာပါက အထက်ဖြစ်စဥ်မျိုး နှစ်စဥ်နီးပါး ဖြစ်တတ်တဲ့အတွက် ချောင်းနံဘေးနေဒေသခံတွေရေဘေးရှောင်ရလေ့ရှိပြီး ချောင်းရေတန့်နေပြီး ရေပြန်မကျတဲ့အခြေအနေဆိုရင် တပတ်ကျော်ထိရေဘေးရှောင်ရတာမျိုးရှိတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။