တိုက်ပွဲတွေဖြစ်နေတဲ့ မြိုင်ကို စစ်တပ်က လေယာဉ်ဗုံးအင်အားသုံးကြဲနေ

0 9
0 9

မြေလတ်အသံ၊ မေ ၃၊ ၂၀၂၅ ။

မကွေးတိုင်း၊ မြိုင်မြို့နယ်ကိုဝင်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအမြောက်အမြားကြဲချနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၁ ရက်မှာ စတင်ဝင်ရောက်လာတဲ့ အဆိုပါစစ်ကြောင်းဟာ မေ ၂ ရက် ယမန်နေ့မှာ သစ်ကြီးတောရွာနဲ့ လေးတန်းရွာအနီးကို ရောက်ရှိလာချိန် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ မနေ့ညက လေးတန်းရွာမှာညအိပ်ပြီး မီးရှို့သွားတယ်။ စတားလင့်ဆိုင် ၁ ဆိုင်နဲ့ အိမ် ၃ လုံးပါသွားတယ်ကြားတယ်။”လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ယမန်နေ့ ည ၉ နာရီခန့်မှစတင်ကာ ဗုံးအလုံးရေ ၃၀ ကျော်ကြဲချပြီး ဒီကနေ့ မေ ၃ ရက် မနက် ၈ နာရီခန့်မှာလည်း အလုံးရေ ၄၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ အဲဒီ(မင်းကန်)ရွာ အများဆုံးထိတာပေါ့။ ဘေးနားပတ်ပတ်လည်ကရွာတွေလည်း ထိမယ်။ မင်းကန်နားမှာက ရွာဆက်တွေများတယ်။ ဒေသခံတွေကတော့ ထွက်ပြေးနေကြလို့ ထိတာမရှိဘူး။”လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူ အမျိုးသားတဦးက ပြောပါတယ်။

တိုက်ပွဲတွေနဲ့ လေယာဉ်ဗုံးကြောင့် မြိုင်နယ် မင်းကန်၊ မြေနု၊ ပေါက်တော၊ ပေါက်ပင်ကိုင်း၊ မြို့သာ၊ သစ်ကြီးတော၊ လေးတန်း၊ ထတောကြီး၊ သင်းပေါင်းကန်၊ ညောင်ညိုတော၊ ဂွေးပင်၊ ချောင်းဂွ၊ လက်ပံအိုင့်၊ တောဝေးကန် စတဲ့ရွာတွေအပါအဝင် ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၇,၀၀၀ ကျော် အရေးပေါ်စစ်ရှောင်နေကြရပါတယ်။

လက်ရှိ အဆိုပါစစ်ကြောင်းမှာ ပေါက်ပင်ကိုင်းရွာအနီးရောက်ရှိနေပြီး ထိတွေ့ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်နေကာ ပခုက္ကူဘက်ကလည်း နောက်ထပ်စစ် ကြောင်း ၂ ခုနဲ့ ဝင်ရောက်နေတာကြောင့် စစ်ရေးဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။