မြင်းမူ၊ မေ ၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့က ရွှေဧကရာဇ်ရွှေဆိုင်ပိုင်ရှင်နဲ့ ဆိုင်လုပ်သားတချို့ ယူဆောင်လာတဲ့ ရွှေထည်ပစ္စည်းနဲ့ငွေသားတွေ ဓားပြတိုက်ခံခဲ့ရပြီး အဆိုပါဓားပြမှုမှာ ပါဝင်သူ Local ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိထားတယ်လို့ မြင်းမူ မြို့နယ်ပကဖအဖွဲ့ ထံက သိရပါတယ်။
မေ ၁ ရက် မနက် ၇ နာရီခန့်က မာဃရပ်ကွက်နေ၊ ရွှေဧကရာဇ်ရွှေလုပ်ငန်းပိုင်ရှင် ဦးနိုင်စိုးဟာ နေအိမ်ကနေ မြို့မစျေးရှေ့ရှိ ၎င်းပိုင်ရွှေဆိုင်ကို ရွှေထည်နဲ့ငွေသားတွေယူဆောင်ကာ ဆိုင်ဖွင့်ဖို့သွားရောက်ချိန် နေအိမ်နဲ့ ၁ ဖာလုံခန့်အကွာအရောက်မှာ လက်နက်ကိုင်ထားသူ လူ ၅ ဦးက ဓားပြတိုက်ခဲ့တာပါ။



ဓားပြတိုက်မှုမှာ ပူးပေါင်းပါဝင်သူ ၉ ဦးကို မေ ၁ ရက် ညနေပိုင်းမှာပဲ ငါးဇွန်မြို့နယ်နဲ့ မြင်းမူမြို့နယ် ကြားတနေရာမှာ သက်သေခံပစ္စည်းတွေအပါအဝင် လက်နက်အချို့နဲ့အတူဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
” ဖမ်းမိထားသူတွေက တော်လှန်ရေးလုပ်တဲ့အဖွဲ့တွေကဘဲ။ သူတို့က မှားယွင်းပြီးလုပ်မိ သွားတယ်လို့ ထင်ပါတယ်။ တော်လှန်ရေးအစကတည်းက ပါသူတွေလည်းပါတယ်။ နောက်မှ ပါဝင်လာသူတွေလည်းပါတယ်။ အဖွဲ့နာမည်တော့ရှိတယ်။ လောလောဆယ်တော့ ထုတ်ပြန်လို့ မရသေးဘူး”လို့ မြင်းမူမြို့နယ်ပကဖဒုတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။


ဓားပြတိုက်ခံရမှုမှာ ရွှေထည်ပစ္စည်း ၅ ပိဿာခန့်နဲ့ ငွေကျပ် သိန်း ၈၀၀ ခန့် ဆုံးရှုံးသွားကြောင်းဒေသခံတွေကပြောဆိုပေမယ့် အဆိုပါအချက်ကို မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။
ဓါးပြတိုက်သူတွေကို ဖမ်းမိချိန်မှာ လက်ဆွဲအိတ်၊ ကော်ပုံးတွေနဲ့ ထည့်ထားတဲ့ ပိုက်ဆံ၊ ရွှေထည်တွေကို သိမ်းဆည်းရမိခဲ့ကာ သိမ်းဆည်းရရှိတဲ့ ရွှေထည်နဲ့ ငွေသားတွေအားလုံးကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်လိုက်ပြီဖြစ်တယ်လို့ အထက်ပါဒုတာဝန်ခံက ပြောပါတယ်။


ဖမ်းမိထားတဲ့ ဓားပြမှုကျူးလွန်သူတွေကိုတော့ လတ်တလောမှာစစ်ဆေးနေဆဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးဝန်ကြီးဌာနကိုတော့တင်ပြထားတယ် လို့ ဆိုပါတယ်။
စာတည်း – ဟိန်းစံ