ရွှေကျင်၊ မေ ၂၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာမှာ တိုက်ပွဲနှစ်ရက်ဆက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးပါ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဝေါမြို့နယ်ဘက်ကခြမ်းကနေ ကွမ်းဆိပ်ဘက်ကိုစစ်ကူလာတဲ့ စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းစစ်ကြောင်း အင်အား ၆၀ ခန့်နဲ့ KNLA ပူးပေါင်းတပ်တွေက ကျေးရွာအတွင်းနဲ့ ရွာအနီးမှာ ဧပြီ ၃၀ ရက်နဲ့ မေ ၁ ရက်မနက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ဘက်ကလည်း တိုးလာတယ်။ ဒီဘက်ကလည်း စောင့်နေတာ။ ကိုယ်တွေအဖွဲ့က ၅၉၈ ကိုဝိုင်းထားတာဆိုတော့ ကိုယ်တွေဘက်ကို လာတာ။ သူတို့ဘက်ကလည်း ရိက္ခာအခက်ခဲဖြစ်နေတာ ဆိုတော့ တိုးလာရင်းဖြစ်တာ။ အခုက စစ်ကူက ဒိုက်ဦး၊ သူရဲသမိန်ဘက်ပဲ လာတာ။”လို့ မြေပြင်တိုက်ခိုက်ရေးပါ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဧပြီ ၃၀ ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ထိခိုက်သူတွေရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဘက်က ၃ ဦးဒဏ်ရာရခဲ့ပါတယ်။
မေ ၁ ရက်တိုက်ပွဲမှာတော့ KNLA ပူးပေါင်းတပ်တွေဘက်က ၂ ဦးထပ်မံဒဏ်ရာရကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိနိုင်ပြီး အရေအတွက်ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မေ ၁ ရက် တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ တိုက်ပွဲဧရိယာအတွင်းကို ဗုံးသီး ၃ လုံးကြဲချခဲ့တိုက်ခိုက်ခဲ့သလို သူရဲသမိန်၊ လက်ပန်နဲ့ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးပစ်ကူပေးတာတွေရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မေ ၂ ရက်ထိ ကွင်းဆိပ်ကျေးရွာက ခမရ ၅၉၈ ကို KNLA ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်သွင်းတိုက်ခိုက်နေသလို ခမရ ၅၉၈ ဘက်ကလည်း တပ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းအများအပြားထောင်ထားတာကြောင့် ပူးပေါင်းတပ်တွေဘက်က ဝင်ရခက်နေတယ်လို့ သိရပါတယ်။
အလားတူ ဧပြီ ၂၃ ရက်က ကွမ်းဆိပ်နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့သလို ဧပြီ ၂၆ ရက်ညနဲ့ ၂၇ ရက်နေ့တွေမှာလည်း ညောင်ခြောက်ထောက်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့ပါသေးတယ်။
တိုက်ပွဲတွေကြောင့် ရွှေကျင်မြို့နယ်ထဲက ကွင်းဆိပ်၊ ညောင်ခြေထောက်၊ ဒုံစရစ်၊ စလူချောင်း၊ ဥတိုကျေးရွာတွေက ၄,၀၀၀ မနည်းထွက်ပြေးနေရသလို ဝေါမြို့နယ်ထဲက သူရဲသမိန်၊ စက်စု၊ ဆင်ရွာ၊ လက်ပံ၊ ဂျိုးလေးကျေးရွာတွေက ဒေသခံ ၁၀,၀၀၀ ကျော်နဲ့ ကျိုက်ထိုမြို့နယ်ထဲက ခရွဲ၊ သုံးခွ၊ ရေကျော်ကြီး၊ ရေကျော်လေးအပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံ ၃,၀၀၀ ဝန်းကျင်ဟာလည်း ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စာတည်း – လင်း