myaelatt athan

Sharing Information to the Local

တောင်သာနဲ့ ကျောက်ပန်းတောင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

◼ ၂ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း

အောင်စိုး၊ ဟယ်သာ

မြေလတ်အသံ၊ ဧပြီ ၃၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်မှာဖြစ်ခဲ့တဲ့ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ Popa Production and Guerilla Force (PGF) နဲ့ Bagan Ogre Force တပ်ဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၂၇ ရက်မနက် ၆ နာရီကျော်မှာ ငါ့သရောက်မြို့နယ်ခွဲရဲစခန်းကနေ အင်အား ၁၂၀ ဝန်းကျင်နဲ့ ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကို တောင်သာမြို့နယ်၊ တောင်ခမောက်ကျေးရွာအနီးမှာ ၁ ကြိမ်၊ ဧပြီ ၂၈ ရက်မနက် ၉ နာရီကျော်က ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာအနီးမှာ ၁ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“စကစ ၁ လောင်းကတော့ တောင်ခမောက်တိုက်ပွဲမှာဗျ။ ကျန်တဲ့ ၄ လောင်းက ထောက်ရှာတိုက်ပွဲမှာတွေ့တာ။ သိမ်းဆည်ရမိတဲ့ လက်နက်တွေ၊ သုံ့ပန်းတွေကလည်း ထောက်ရှာတိုက်ပွဲမှာပါပဲဗျ။” လို့ Popa Production and Guerilla Force(PGF)မှ ဒုတာဝန်ခံ ဗျတ္တကပြောပါတယ်။

အရှင်ဖမ်းမိခဲ့တဲ့ ငါ့သရောက်မြို့နယ်၊ နယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦးနဲ့ ညောင်ဦးမြို့ပေါ်မှ ပြည်သူ့စစ် ၁ ဦးတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းကနေ M2 ၂ လက်၊ Equipment ၁ ခု၊ လက်ပစ်ဗုံး ၃ လုံး၊ စကားပြောစက် ၄ လုံး၊ 7.62 ကျည် ၈၀ နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒုတာဝန်ခံဗျတ္တက ပြောပါတယ်။

ထောက်ရှာကျေးရွာတိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူးကို ဝဲလှောင်ရွာရဲစခန်းကိုပို့ဆောင်ခဲ့ပြီးနောက် စစ်ကြောင်းဖရိုဖရဲဖြစ်နေချိန် တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ ၁၀ မိနစ်ကြာပစ်ကူပေးလာခဲ့တဲ့အတွက် တော်လှန်းရေးပူးပေါင်းအဖွဲ့တွေ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ မျက်မြင်အလောင်းကတော့ ၅ လောင်းဗျ။ ဒါပေမဲ့ ကျနော်တို့တပ်တွင်းဖရဲသီး သတင်းပေးချက်အရတော့ ၄၃ ဦးခန့် ထိခိုက်သေဆုံးရှိနိုင်တယ်လို့ သိရတယ်ဗျ။ အတိအကျတော့ ကျနော်တို့လည်း မသိရဗျ။ လောလောဆယ် ကျနော်တို့အနေနဲ့ မျက်မြင်တွေ့ရတာတော့ အလောင်း ၅ လောင်းရယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ စကစတွေမီးရှို့သွားတဲ့ အလောင်းနေရာတွေလည်း တွေ့ရှိရတယ်။”လို့ Bagan Ogre Force တာဝန်ခံ ကိုဇီးကွက်က ပြောပါတယ်။

ဒါ့အပြင် ခုတွေ့ရှိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၅ လောင်းထဲမှာ တပ်ကြပ် ၁ ဦး ပါဝင်တယ်လို့ 21 Baganမှ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံယက္ခက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၇ ရက်မှာတိုက်ခိုက်ခံရပြီးနောက် တောင်ခမောက်ရွာကို မီးရှို့ခဲ့သေးကာ ဒေသခံ ၂ ဦးကိုဖမ်းဆီးခဲ့ပေမယ့် ညနေဘက်မှာပြန်လွှတ်ခဲ့တယ်လို့ 21 Baganမှ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံယက္ခက ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ ၁၂ ဖွဲ့ထဲက Popa Production and Guerilla Force(PGF)မှ တပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ်၊ Popa Production and Guerilla Force(PGF)၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ ရန်ကြီးအောင် PDF (ညောင်ဦးမြို့နယ်ပကဖ)၊ 21 Bagan PDF၊ မိုးမခပြောက်ကျားတပ်၊ ဒေါင်းရင်သွေးတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်၊ မန်းဘခိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၊ Scorpions People Defend Force၊ ညောင်ဦးခရိုင် ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။