myaelatt athan

Sharing Information to the Local

ရွှေဘိုမှာ နေအိမ်ထဲ ဒရုန်းဗုံးကျပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးဒဏ်ရာရ

ရွှေဘို၊ ဧပြီ ၃၀၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွေ့တက်ကြီးကျေးရွာမှာ နေအိမ်ထဲ ဒရုန်းဗုံးကျပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖထံက သိရပါတယ်။

ဧပြီ ၂၈ ရက် မနက် ၁၀ နာရီခန့်မှာ အဆိုပါကျေးရွာနဲ့ ၂ မိုင်ခန့်အကွာ မခေါက်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတပ်ဖွဲ့ဝင်တွေက ကွေ့တက်ကြီးရွာကို ဒရုန်းနဲ့ ဗုံး ၁ လုံးချခဲ့ရာ ရွာခံ ဦးဘိုကြည် နေအိမ်ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ အဲ့ဒီ(မခေါက်)ရွာက ဒရုန်းတက်လာတာကို ဒေသခံတွေက မြင်လိုက်တယ်” လို့ မျက်မြင်ဒေသခံတွေရဲ့ ပြောပြချက်ကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ဒရုန်းဗုံးပေါက်ကွဲတာကြောင့် အသက် ၅၉ နှစ်အရွယ် ဦးဘိုကြည်မှာ ဝမ်းဗိုက်ဗုံးစမှန်၊ သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်တရုတ်မှာ ညာဘက်ဒူးဗုံးစဖောက်ဝင်၊ တူမဖြစ်သူ အသက် ၂၂ နှစ်အရွယ် မငြိမ်းသဇင်ကျော်မှာ တင်ပါးဗုံးစမှန်ဒဏ်ရာ(မစိုးရိမ်ရ)တွေ အသီးသီးရရှိခဲ့တာကြောင့် နီးစပ်ရာဆေးခန်းမှာ ဆေးကုသမှုခံယူနေရပါတယ်။

” တိုက်ပွဲလည်းမရှိဘဲနဲ့ ပြည်သူကို ရည်ရွယ်ချက်ရှိရှိနဲ့ လာတိုက်ခိုက်တဲ့သဘောပါ” လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

မခေါက်ကျေးရွာမှာ စစ်ကောင်စီတပ်လက်အောက်ပြည်သူ့စစ်(ပျူစောထီး)အင်အား ၄၀ ခန့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့် တပ်စွဲထားပြီး ယခင်ကလည်း ကွေ့တက်ကြီးကျေးရွာကို ဒရုန်းဗုံးချတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၂၅ ရက်ကလည်း ရွှေဘိုမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ဇေယျစျေးထဲ စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျလို့ ကလေးငယ်အပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းအသုံးပြု လေ့ကျင့်နေ့စဉ်။ (Photo – PCT News)

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။