ဝေါ၊ ဧပြီ ၂၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း ကွင်းဆိပ်နဲ့ညောင်ခြေထောက်ကျေးရွာတွေမှာ တိုက်ပွဲဆက် ဖြစ်နေပြီး ဝေါနဲ့ ရွှေကျင်မြို့နယ်က ဒေသခံသောင်းကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ တိုက်ပွဲပါ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဧပြီ ၂၆ ရက်ည ၁၀ နာရီခန့်မှာ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာဘက်ကနေ စစ်တောင်းမြစ်ကူးပြီး ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာဘက်ကို စစ်ကြောင်းဝင်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီအဖွဲ့ကို ကျေးရွာအပြင်ဘက်ကနေ KNLA ပူးပေါင်းတပ်တွေဘက်က စောင့်ကြို တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၇ ရက် မနက် ၁၁ နာရီထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။


“မနေ့က ညောင်ခြေထောက်မှာ ပွဲကြီးဖြစ်သွားတယ်။ စကစဘက်က ခံလိုက်ရတယ်။ ဟိုဘက်က နာရေးကားတွေနဲ့လာသယ်သွားတာ အရာရှိတယောက်ပါတယ်။ ရဲဘော် ၇ လောင်းကို သူရဲသမိန်ကနေ ပြန်သယ်သွားတယ်။ မြှုပ်တာက ဆင်ရွာမှာအလောင်းတွေမြှုပ်
လိုက်တာ”လို့ မြေပြင်တိုက်ပွဲပါ တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ညောင်ခြေထောက်ကျေးရွာထဲကို ဗုံး ၃ လုံးကြဲချခဲ့သေးရာ ကျေးရွာဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်တာတော့မရှိဘူးလို့ ဆိုပါတယ်။
အဲဒီအပြင် ဝေါမြို့နယ်၊ သူရဲသမိန်၊ ဆင်ရွာ၊ ဂျိုလေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ တပ်ကနေ လက်နက်ကြီးတွေ ပစ်ကူပေးခဲ့ ပါသေးတယ်။
တိုက်ပွဲတွေကြောင့် ဧပြီ ၂၃ ရက်ကတည်းကစပြီး ကွင်းဆိပ်၊ ညောင်ခြေထောက်၊ ဒုံစရစ်၊ စလူချောင်း၊ ဥတိုကျေးရွာတွေက ၄,၀၀၀ မနည်းထွက်ပြေးနေရပါတယ်။
အလားတူ ဧပြီ ၂၄ ရက်ကစပြီး ပဲခူးနဲ့ ဝေါဘက်ခြမ်းကလာတဲ့ စစ်ကောင်စီအင်အား ၂၀၀ ခန့်ဟာ သူရဲသမိန်၊ စက်စု၊ ဆင်ရွာ၊ ဂျိုးလေး၊ လက်ပံရွာတွေကို ဖြန့်ခွဲ ရောက်ရှိလာပြီး ရွာတွေမှာ အထိုင်ချကာ လက်နက်ကြီးတွေနဲ့နေ့တိုင်း ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်၊ ညောင်ခြေထောက်ကျေးရွာတွေဘက်ကို ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ဝေါမြို့နယ်ထဲကဒေသခံတွေလည်း ရွာကနေတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
“ကွမ်းဆိပ်တိုက်ပွဲဖြစ်ကတည်းက ရှောင်နေကြတာ။ လေယာဥ်တွေပါသုံးလာတာလေ။ သူရဲသမိန်လူတွေ ရှောင်တယ်။ မနေ့ကဆို လက်ပံကလည်းရှောင်တယ်။ ကွင်းဆိပ်လည်းရှောင်တယ်။ နှစ်ရက်သုံးရက်လောက်ရှိမယ်။ စက်စုဥက္ကဌကို KNU ဘက်က ဖမ်းသွားတော့ KNU တောင်ရွာထဲ ရောက်လာပြီးတော့ နောက်ပြီး စစ်တပ်လည်းရောက်လာတော့ရှောင်ကြတာ။ “လို့ သူရဲသမိန်ရွာခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေရွာထဲရောက်လာလို့ အိမ်ခြေ ၅၀၀ ကနေ ၂,၀၀၀ ကြားရှိတဲ့ ဝေါမြို့နယ်ထဲက သူရဲသမိန်၊ စက်စု၊ ဆင်ရွာ၊ လက်ပံ၊ ဂျိုးလေးကျေးရွာတွေက ဒေသခံ ၁၀,၀၀၀ ကျော်ဟာ သိမ်ဇရပ်၊ ဝေါ၊ ပဲခူးမြို့တွေကို ပြောင်းရွေ့နေကြရတာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျေးရွာတွေထဲရောက်လာလို့ ဒေသခံတွေထွက်ပြေးနေရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာခံပျူတွေနဲ့ပေါင်းပြီး ညဘက်နေအိမ်တွေကို ဝင်ရောက် မွှေနှောက်ဖောက်ထွင်းတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
“ရွာထဲမှာ(သူရဲသမိန်)တို့မှာတော့ အိမ်တွေဖောက်တယ်လို့ ကြားတယ်။ သူများအိမ်ကပစ္စည်းတွေ ဖောက်ပြီးယူတယ်။ တွေ့ရာယူတယ်။ လုံချည်တွေ ထမိန်တွေတောင် မထားဘူးလို့ပြောတယ်။ မရှိရင် ဖျက်ဆီးခဲ့တယ်လို့တော့ ပြန်သိရတာရှိတယ်။ “လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ပစ္စည်းဆုံးရှုံးမှုတန်ဖိုးတွေကို မသိရသေးဘဲ ဧပြီ ၂၈ ရက်မနက်ပိုင်းထိ ရွာခံတွေက ရွာတွေကို ပြန်မဝင်ရဲကြသေးဘူးလို့ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ခုလိုစစ်ကြောင်းထိုးလာတာဟာ စစ်တောင်းမြစ်တဖက်ကမ်း ကွင်းဆိပ်၊ ညောင်ခြေထောက်ရွာတွေမှာဖြစ်နေတဲ့ တိုက်ပွဲကို စစ်ကူပေးနိုင်ဖို့ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။

ဧပြီ ၂၃ ရက်မှာ ခမရ ၅၉၈ နဲ့ ၃ ဖာလုံလောက်သာကွာတဲ့ ကွင်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါ စခန်းအတွင်းရှိ ရဲနဲ့စစ်ကောင်စီတပ်သားတွေက စခန်းဆုတ်ခွာထွက်ပြေးသွားလို့ အလောင်းတွေတော့မတွေ့ရဘူးလို့ ဆိုပါတယ်။
စခန်းသိမ်းပြီးချိန် စစ်ကောင်စီဘက်က လေကြောင်းပနေ ဗုံးကြဲနေသလို လက်နက်ကြီးပစ်ကူ ပေးနေတာတွေကြောင့် KNLA ပူးပေါင်းတပ်တွေဘက်က စခန်းကနေ ယာယီပြန်ဆုတ်ပေးခဲ့ရပါတယ်။
ဧပြီ ၂၄ ရက်မှာ ကွင်းဆိပ်ရဲစခန်းကို စစ်ကောင်စီဘက်က အင်အား စခန်းပြန်ထိုင်နိုင်ဖို့ လာရောက်ချိန် ပူးပေါင်းတပ်တွေနဲ့ နေ့ဝက်နီးပါးတိုက်ပွဲထပ်ဖြစ်ခဲ့ကာ ပူးပေါင်းတပ်တွေဘက်က ဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ၅၀ နီးပါးသေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ပွဲပါ တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
ဧပြီ ၂၈ ရက်နေ့ထိ ကွင်းဆိပ်ကျေးရွာက ခမရ ၅၉၈ ကို KNLA ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်သွင်းတိုက်ခိုက်နေသလို ခမရ ၅၉၈ ဘက်ကလည်းတပ်ဝန်းကျင်မှာ မြေမြှုပ်မိုင်း အများအပြားထောင်ထားတာကြောင့် ပူးပေါင်းတပ်တွေဘက်က ဝင်ရခက်နေတယ်လို့ သိရပါတယ်။
စာတည်း – လင်း