မုံရွာ၊ ဧပြီ ၂၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကွမ်းခြံအငှားလုပ်ကိုင်နေတဲ့အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧပြီ ၂၇ ရက်နေ့လယ် ၃ နာရီကျော်မှာ သေနတ်ပစ်သတ်ခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။
သေဆုံးခဲ့သူမှာ မုံရွာ-အမြင့်လမ်းပိုင်းမှာနေထိုင်သူ အသက် ၃၀ အရွယ် ကိုချစ်ကို ဖြစ်ပြီး သူအလုပ်လုပ်တဲ့ကွမ်းခြံနံဘေးရှိ လယ်ကန်သင်းရိုးပေါ်မှာ နောက်ထပ်အမျိုးသား ၃ ဦးနဲ့အတူနားနေချိန် ပစ်ခတ်ခံရတာလို့ဆိုပါတယ်။
“ဦးခေါင်းကိုထိပြီးတော့ ပွဲချင်းပြီးသေတာ။ အဲနေ့ကတိုက်ပွဲဖြစ်တာလည်း မရှိဘူး။ မြင်လို့ကို လှမ်းပစ်တာတဲ့။ ကျန်တဲ့သူတွေကတော့ မထိခဲ့ဘူး။ ကိုချစ်ကို ကိုပဲထိတာ။”လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်ခဲ့တဲ့စစ်ကောင်စီတပ်သားတွေဟာ မုံရွာမြို့အဝင်ရှိ မအူဂိတ်ကနေ ကင်းလှည့်ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါစစ်ကြောင်းကဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၁၃ ရက်မှာလည်း မုံရွာမြို့အဝင် မအူဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ထနောင်းတောကျေးရွာစာသင်ကျောင်းပေါ် ကျရောက်ပေါက်ကွဲကာ ဒေသခံ ၁၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဧပြီ ၂၅ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ဒေသခံစုစုပေါင်း ၆,၅၆၅ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့အစီရင်ခံစာအရ သိရပါတယ်။
စာတည်း – လင်း