စဉ့်ကူး၊ ဧပြီ ၂၈၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းဆောင်တို့ကို စစ်ကောင်စီတပ်က ဧပြီ ၂၇ ရက်မနက် ၁၀ နာရီကျော်မှာ လေကြောင်းက နေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
မြို့ပေါ်ရှိ အထက်တန်းကျောင်းစာသင်ကျောင်းဆောင်နဲ့ မဟာဝေယံဘုံသာဘုန်းတော်ကြီးကျောင်းဆောင်တို့ကို ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် စာသင်ဆောင် ၁ ခုနဲ့ ဘုန်းကြီးကျောင်းထဲက သိမ်ခန်း ၂ ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


“သပ်သပ် ဘလိုင်းကြီးလာကြဲတာ။ ရဲဘော်တွေလည်းမရှိဘူး။ ဘာမှမရှိဘူး။ အဓိကဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ ဘာဆိုဘာမှမရှိဘူး။ ပြည်သူတွေပဲရှိတာဗျ။ ပြည်သူတွေကို သတ်ချင်တာကြောင့် သပ်သပ်ကိုလာကြဲတာ”လို့ စဉ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။
အထက်ပါဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းဆောင်တို့မှာ မီတာ ၈၀၀ ခန့်ကွာဝေးပြီး ဗုံးကြဲတိုက်မှုအတွင်း လူအထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။


ပြီးခဲ့တဲ့ဧပြီ ၂၁ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ အောက်ဇီးကုန်းကျေးရွာကို တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၅ လအရွယ်ကလေးငယ် ၁ ဦးနဲ့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ ဦးတို့ အပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့ပြီး နွား ၁ ကောင်၊ ဝက် ၁ ကောင်သေဆုံးကာ လူနေအိမ် ၃လုံး ပျက်စီးခဲ့ပါသေးတယ်။
စာတည်း – လင်း