myaelatt athan

Sharing Information to the Local

မတ္တရာမှာ ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံး

မတ္တရာ၊ ဧပြီ ၂၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရုံးပင်ကျေးရွာမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၂၆ ရက်ည ၉ နာရီကျော်ခန့်မှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ ရုံးပင်ကျေးရွာအနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဂျက်ဖိုက်တာနဲ့ပဲ။ ဗုံးသီးက ၃ လုံး။ တပြိုင်တည်းကို ဝေ့ဝေ့ပြီးပစ်သွားတာ။ အဲ့နားမှာတော့ တိုက်ပွဲမရှိဘူး။ ကျောက်တံတားတို့ မြကန်သာဘက်တို့တော့ တိုက်ပွဲနေ့တိုင်းရှိတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အခုရွာနဲ့က ၅ မိုင်လောက်ဝေးတယ်။ တမင်သက်သက်လာကြဲတာ။”လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရလို့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ရုံးပင်ကျေးရွာက လေကြောင်းကနေ ဗုံးကြဲခံရတာ ယခုအကြိမ်ပါဆို နှစ်ကြိမ်မြောက်ဖြစ်ပြီး ၂၀၂၄ ဇူလိုင် ၇ ရက်က ပထမအကြိမ်ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၁,၀၀၀ ဝန်းကျင်ရှိတဲ့ ရုံးပင်ကျေးရွာက ဒေသခံတချို့လည်း လေကြောင်းကနေဗုံးကြဲခံရလို့ ရွာကနေတိမ်းရှောင်ကြတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၅ ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ ရှမ်းကျေးရွာမှာ မတ္တရာမြို့ပေါ်က စစ်ကောင်စီတပ်ကနေပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျေးရွာဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲပြီး သံဃာ ၃ ပါးထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။