myaelatt athan

Sharing Information to the Local

ကနီနဲ့ ယင်းမာပင်မှာ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပါပစ်ခတ်

0
0

ယင်းမာပင်၊ ဧပြီ ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၂၂ ရက်ကနေ ၂၄ ရက်ထိ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၂ ရက်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ယင်းမာပင်မြို့နယ်၊ သံဘိုရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အပြင် စက်တပ်လေထီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ကွမ်းခြံထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ၃ယောက်ကို လက်နတ်ကြီးအစတွေ မှန်သွားတယ်၊ အသက် ၅၀ ဝန်းကျင်အမျိုးသမီး ၁ ယောက်နဲ့ အသက် ၃၀ခန့်အမျိုးသမီး ၂ ယောက်ပေါ့၊ ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ ဆီးခုံကိုထိသွားတယ်၊ ကျန်အမျိုးသမီး ၁ ယောက်ကတော့ ခြေသလုံးကို ထုတ်ချင်းပေါက်သွားတယ်၊ အသက် ၅၀ ဝန်းကျင်အမျိုးသမီးက ပေါင်ကိုမှန်သွားတယ်၊ သူလည်းထုတ်ချင်းပေါက်တာပဲ။” လို့ ရွာခံတဦးက ပြောပါတယ်။

အလားတူ ကနီမြို့နယ်၊ သမင်ခြံရွာနဲ့ အနီးတဝိုက်ကိုလည်း ဧပြီ ၂၂ ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၁ လုံးပျက်စီးပြီး ခိုင်းနွား ၁ ကောင်ကို ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

အခုလိုစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလိုရင်ဆိုင်နေရတာကြောင့် သက်ကြီးပိုင်းဒေသခံတွေလည်း ထိတ်လန့်နေကြရတယ်လို့ ကနီမြို့နယ်မှ ဒေသခံတဦးကပြောပါတယ်။

“လာပြီဆိုတဲ့ အသံကြားရင် ဗုံးခိုကျင်းထဲဝင်နေကြရတယ်၊ အဓိကကတော့ အသက်ကြီးရွယ်အိုတွေဆိုရင် တော်တော်ကို ထိတ်လန့်နေကြတယ်။ နောက်ဆက်တွဲအခြေအနေတော့ ဘယ်လိုလာမယ်မသိဘူး၊ ကျောင်းတွေကတော့ ပိတ်ထားတယ်၊ သုံးရက်ဆက် လာပစ်နေတာ နွား ၁ ကောင်ပဲထိတာ ကံကောင်းတာပဲ။” လို့ ကနီမြို့နယ်ကျေးရွာတရွာက ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၃ နဲ့ ၂၄ ရက်မှာလည်း ကနီ၊ ယင်းမာပင်အစပ်က ကျေးရွာတွေအနီးကို စက်တပ်လေထီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာတော့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ ဧပြီ ၂ ရက်ကနေ ဧပြီ ၃၀ ရက်အထိ အပစ်ရပ်ကြောင်းကြေညာထားပေမယ့် စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေတာဖြစ်ပါတယ်။

အလာတူး ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ်၊ လက်လှုပ်တောင်ရွာက ဆေးပေးခန်းတဝိုက်ကို လေကြောင်းကနေတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦးအပါ ၅ ဦးသေဆုံးခဲ့ပါသေးတယ်

သတင်း – ကျော်စွာ၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။