myaelatt athan

Sharing Information to the Local

⁨ရေနစ်သူကိုလိုက်ဆယ်ရာက လူငယ် ၄ ဦးစလုံး ရေနစ်သေဆုံး (ရုပ်/သံ)

ညောင်ဦး၊ ဧပြီ ၂၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ် ၁ ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်အနီး ဧရာဝတီမြစ်အတွင်းရေဆင်းချိုးတဲ့ ဆယ်ကျော်သက်လူငယ် ၄ ဦး ရေနစ်သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

ရေနစ်သေဆုံးသူတွေဟာ အမှတ် ၃ ရပ်ကွက်နေ အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်အကြားရှိ မောင်အောင်ကျော်ဇေယျ၊ မောင်မိုးမြင့်ကျော်၊ မောင်ဖုန်းဟန်ဇော်၊ အမှတ် ၄ ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မောင်ဖြိုးညီညီတို့ဖြစ်ပြီး ၎င်းတို့ ၄ ဦးဟာ ဧပြီ ၂၃ ရက်ယမန်နေ့ မနက် ၁၁ နာရီခန့်မှာ ရေဆင်းချိုးရာက ရေနစ်ပျောက်ဆုံးခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ဆီမှာ ရေက ဒီလိုပဲကူးကြတာပဲ။ ကလေးတွေက ရေချိုးကြရင်း ၁ ယောက်နစ်တာကို နောက်ကလိုက်ဆယ်ရင်း ၄ ယောက်စလုံးနစ်တာ။” လို့ရေနစ်တဲ့အခြေအနေကို မြင်တွေ့သူရဲ့ပြောဆိုချက်ကိုကိုးကားပြီး ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတဦးက ပြောပါတယ်။

ရေနစ်နေတာကို အနီးပတ်ဝန်းကျင်ရှိသူတွေကတွေ့ရှိပြီး ဒေသလူမှုကယ်ဆယ်ရေးအဖွဲ့ တွေကိုအကူအညီတောင်းခံခဲ့ရာ ၂ နာရီခန့်ရှာဖွေပြီးနောက် ရုပ်အ လောင်းတွေကို ရေနစ်တဲ့နေရာနဲ့ ပေ ၅၀ ခန့်အတွင်းမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသွားတဲ့ လူငယ် ၄ ဦးရဲ့ရုပ်အလောင်းတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ညောင်ဦးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးနောက် ညနေပိုင်းမှာ နေအိမ်ပြန်သယ်လာပြီး ဧပြီ ၂၄ ရက် ဒီကနေ့မှာ ညောင်ဦးသုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။