ဒီပဲယင်း၊ ဧပြီ ၂၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ လက်လှုပ်တောင်ရွာက ဆေးပေးခန်းကို ဧပြီ ၂၃ ရက် ဒီနေ့လယ်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦးအပါ ၅ ဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့လယ် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီရဲ့ Yak 130 တိုက်လေယာဥ်ပေါ်ကနေ Rocket ၁၅ လုံးနဲ့ ရွာလယ်ဆေးပေးခန်းအနီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။



“လက်လှုပ်ကျေးရွာ ရွာလယ်မှာဆေးပေးခန်းရှိတယ်၊ အဲ့ဒီဝန်းကျင်ကို ပစ်သွားတာ၊ လတ်တလော သေဆုံးသူက ၅ ဦးပေါ့၊ ထိခိုက်ဒဏ်ရာရသူက ၃ ဦးပါ၊ မြေပြင်မှာက စစ်ကြောင်းတွေမရှိဘူး၊ တိုက်ပွဲဖြစ်တာလည်းမရှိဘူး၊ ကျေးရွာမှာလည်း စခန်းကြီးငယ်မရှိဘူး”လို့ ဒီပဲယင်းဒေသခံတဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် အသက် ၅၀ နှစ် အရွယ် ဒေါ်လုံး၊ အသက် ၁၃ နှစ် အရွယ် မချယ်ဦး၊ အသက် ၄၅ နှစ် အရွယ် ကိုဆန်းဇော်၊ အသက် ၂၆ နှစ် အရွယ် ကိုအောင်ကျော်ကျော်၊ အသက် ၈၀ နှစ်အရွယ် ဒေါ်ဆောင်း တို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။


ဒါ့အပြင် ဆေးပေးခန်းနဲ့ အိမ်ခြေ ၃ လုံးပျက်စီးပြီး အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦးဒဏ်ရာရကာ နွား ၁ ကောင်လည်းသေဆုံးခဲ့တယ်လို့ ဒီပဲယင်းဒေသခံတဦးက ပြောပါတယ်။
လက်လှုပ်တောင်ကျေးရွာ အိမ်ခြေ ၃၀၀ ကျော်၊ အိမ်ထောင်စု ၃၁၀ နဲ့ လူဦးရေ ၂,၅၀၀ ဝန်းကျင်ရှိကာ ဒီတိုက်ခိုက်မှုဖြစ်ပြီး ဒေသခံတွေလည်း ရွာကတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးပါ ၂ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း – လင်း