ရွှေဘို၊ ဧပြီ ၂၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာမှာ ဖြစ်ပွားတဲ့ရန်ပွဲအတွင်း ဖမ်းဆီးခံထားရသူ တကန်သာရွာခံ ၄ ဦးပြန်လွတ်လာပြီလို့ ရွာခံတွေဆီက သိရပါတယ်။
လူသေဆုံးတဲ့အထိဖြစ်ပွားခဲ့တဲ့ရန်ပွဲမှာ ပါဝင်တယ်ဆိုကာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဇင်ဘိုထက်၊ စိုင်းကို၊ ရဲမြင့်ထွေး၊ ဖြိုးမင်းဦးတို့ ၄ ဦးကို တကန်သာ တိုက်နယ် ၄ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၁၉ ရက်မှာ ပြန်ခေါ်လာပြီး ကျေးရွာမှာ ပြန်လည်နေထိုင်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
“ဒီကိစ္စနဲ့ဘာမှ မပတ်သက်တော့ဘူးဆိုပြီး အပြီးတိုင်လွတ်လာတာတော့မဟုတ်သေးဘူး။ တရားရုံးတက်ရတာမျိုးတော့ရှိဦးမယ်။ အမှုကိုဖြေရှင်းတဲ့နေရာမှာ အကျုံးဝင်သေးတယ်။ ချုပ်နှောင်ခံထားရတာမျိုးမရှိဘူး။ ရွာထဲမှာပဲ ကျေးရွာ ပအဖက ပြန်ခေါ်ထားတဲ့သဘော။ ဘယ်မှာတော့မသွားရဘူး၊ လိုအပ်ရင်ပြန်ခေါ်ခံရမှာ”လို့ ရွာခံတဦးကပြောပါတယ်။
ကျန်ဖမ်းဆီးခံရသူတွေဖြစ်တဲ့ ကျေးရွာပကဖအဖွဲ့ဝင် ရဲမာန်၊ ကျော်ကြီး၊ ထက်ဝေ၊ AZ နဲ့ ရွာသား ကိုသက်ဖူး တို့ ၅ ဦးကို ရွှေဘိုခရိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့က လွှဲပြောင်းထိန်းသိမ်းထားပြီး ကိုတင်လင်း ဆိုသူကိုတော့ ပြစ်မှုကျူးလွန်သူအဖြစ် ရွှေဘိုခရိုင်တပ်ရင်း ၅ က မြို့နယ်ပလဖကို လွှဲပြောင်းထားတယ်လို့ အထက်ပါရွာခံက ပြောပါတယ်။
ဒီရန်ပွဲမှာပါဝင်သူတွေကတော့ မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်ကြရမှာဖြစ်ပြီး ရွှေဘိုခရိုင်တပ်ရင်း ၅ ထံမှာ ဆက်လက်ဖမ်းဆီးထားသူမရှိတော့ဘူးလို့ ဆိုပါတယ်။
ဧပြီ ၁၄ ရက် ညနေ ၄နာရီခန့်မှာ ရွှေဘိုမြို့နယ်၊ တိုက်နယ် ၄ နယ်မြေ၊ တကန်သာရွာမှာ ရွာဓလေ့ဘုရားပို့ပွဲပြုလုပ်နေချိန် ရွှေဘိုခရိုင်တပ်ရင်း ၅ က တပ်ဖွဲ့ဝင်အချို့နဲ့တကန်သာကျေးရွာ ပကဖ၊ ပြည်သူအချို့ ရန်ပွဲဖြစ်ခဲ့ပြီးနောက် ရွှေဘိုခရိုင်တပ်ရင်း ၅ တပ်ခွဲ ၃ က တပ်ဖွဲ့ဝင် ကိုရာဇာမှာ ဓားထိုးခံခဲ့ရကာ ဆေးရုံကိုပို့ဆောင်ချိန် လမ်းမှာသေဆုံးသွားခဲ့ပါတယ်။
ကိုရာဇာ ဓားထိုးခံရကာ သေဆုံးပြီးနောက် တပ်ရင်း ၅ မှ လက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့် အခင်းဖြစ်ကျေးရွာကိုရောက်ရှိလာပြီး ရန်ပွဲမှာပါဝင်သူတွေဖြစ်တဲ့ ကျေးရွာပကဖတပ်ဖွဲ့ဝင်နဲ့ ရွာခံအမျိုးသား စုစုပေါင်း ၁၁ ဦးကို တပ်ရင်း ၅ ဌာနချုပ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
အဲ့ဒီနောက် ဧပြီ ၁၅ ရက်ညနေမှာ ဖမ်းဆီးခံရသူတွေအနက် ပကဖအဖွဲ့ဝင်ရဲဝင်းဆိုသူ သေဆုံးသွားပြီး ဒီသေဆုံးမှုဟာ စစ်ဆေးနေစဥ်အမောဆို့သေဆုံးသွားတာလို့ တပ်ရင်း ၅ က ကျေးရွာကို အကြောင်းကြားခဲ့တာလို့ အထက်ပါဒေသခံဆီကသိရပါတယ်။
ပုံစာ – ဓားထိုးခံရပြီး သေဆုံးခဲ့သည့် ရဲဘော် ရာဇာ။
စာတည်း – လင်း