ရေစကြို၊ ဧပြီ ၂၂၊ ၂၀၂၅။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးပင်ကုန်းရွာကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဧပြီ ၂၁ ရက် မနေ့က ၉ နာရီလောက်မှာ ၁ ကြိမ်၊ နေ့လယ် ၂ နာရီခွဲမှာ ၁ ကြိမ် မိတ္ထီလာလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံးချ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
“မနေ့ကတော့ လက်နက်ကြီးနဲ့ ပစ်တဲ့အပြင် လေကြောင်းကကော ၂ ကြိမ်တိုက်ခိုက်သွားတယ်၊ ကျောင်းဆောင်ပြိုသွားတယ်၊ ၂ စီးလာကြဲတာ၊ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းပါ၊” လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လေကြောင်းကတိုက်ခိုက်တဲ့အပြင် ရွာအနီးမှာရောက်နေတဲ့ ရေစကြိုအခြေစိုက် ခလရ ၂၅၈ မှ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ဟောင်ဝစ်ဇာတွေနဲ့ပစ်ခတ်တဲ့အပြင် လေယာဉ်နဲ့ကော ဗုံးကြဲနေတာဆိုတော့ ကျေးရွာပေါင်း ၁၆ ရွာက ဒေသခံပြည်သူတွေကတော့ တိမ်းရှောင်နေရတာ၊ ရွာမှာရှိတဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေကိုတော့ နိုင်တဲ့သူကယူသွားပြီး မနိုင်တဲ့သူက ထားပစ်ခဲ့ကြရတာ၊” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
ဒီပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးသူတွေရှိနိုင်ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ဒါအပြင် ရေစကြိုမြို့နယ်ထဲက အလယ်သောင်ရွာ၊ ဂွက်ကြီးရွာ၊ ဟင်္သာရွာ၊ အလယ်ကျွန်းရွာ၊ ဆင်မရဲရွာ၊ ကိုရင်ကျွန်း၊ နှောင်းဘရွာ၊ ဇီးပင်ကုန်း၊ တောင်ကျွန်း၊ ကြူရွာ၊ ဆင်ကျို့ရွာ၊ ဗလဘရွာ၊ ကွန်ရစ်ရွာ၊ ငါန်းမြာကြီးရွာ၊ ငါန်းမြာလေးရွာ တို့က ဒေသခံ ၅ ထောင်ကျော်လောက် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်မနက်အစောပိုင်းမှာ ရေစကြိုမြို့နယ်၊ ဗလဘအုပ်စု၊ ဗလဘရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၈၀ အရွယ် အဖိုး ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။
ပုံစာ – စစ်ကောင်စီတပ်သုံး တိုက်လေယာဉ် ၁ စီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေစဉ်။ (ပုံဟောင်း)
စာတည်း – လင်း