myaelatt athan

Sharing Information to the Local

တောင်သာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ကလေးငယ် ၁ ဦးအပါ ၃ ဦးသေဆုံး

တောင်သာ၊ ဧပြီ ၂၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သံဘို(ရွာသစ်)ကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရပြီး ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့တောင်သာပကဖဆီက သိရပါတယ်။

ဧပြီ ၂၁ ရက်မနက် ၂ နာရီ ၄၅ မိနစ်ခန့်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီးဟာ သံဘိုကျေးရွာကို ဒေသခံနေအိမ်တွေအပေါ် ဗုံး ၁၁ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူအိမ်ခေါင်ပေါ်ကို တည့်တည့်ချတာ။ အပေါ်ကနေ စက်လက်တွေနဲ့လည်းကုတ်သွားတယ်။ သားအမိ ၂ ယောက်က ပွဲချင်းပြီး။ တအိမ်တည်းက ၅ ယောက်ထိတာ။ “လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ အသက် ၉ နှစ်ကျော်အရွယ် မအေးမြတ်စန္ဒာ၊ မိခင်ဖြစ်သူ အသက် ၄၀ အရွယ် မတူး၊ အသက် ၃၅ နှစ်အရွယ် ကိုကျော်သူလင်းတို့သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မသဲသဲဝေ၊ ကိုဝင်းကျော်ရှိန်း၊ မတင့်တင့်ထွန်း၊ မေသက်နှင်းဦးတို့ ၄ ဦးဒဏ်ရာရခဲ့ပြီး ဆေးကုသဖို့ နီးစပ်ရာဆေးရုံကို ပို့ထားရသလို နေအိမ် ၂ လုံးပျက်စီးပြီး နွား ၂ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးသူတွေကိုတော့ ဒီနေ့မှာပဲ မြေချသင်္ဂြိုဟ်နိုင်ဖို့ စီစဥ်လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

“နေအိမ်ပေါ်တည့်တည့်ကျတာ ဗုံးက။ မနက်အစောကြီးဆိုတော့ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ရွာမှာ တော်လှန်ရေးအဖွဲ့တွေနေတာမရှိဘူး။ ဖြတ်သွားဖြတ်လာသဘောလောက်ဘဲရှိတာ။ ရွာကိုတမင်သက်သက်ဗုံးချတဲ့သဘောပါ”လို့ တောင်သာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

သံဘိုကျေးရွာက လေကြောင်းကနေ ဗုံးကြဲခံရတာ ၃ ကြိမ်မြောက်ဖြစ်ပြီး အရင် ကြဲခံရချိန်မှာတော့ လူထိခိုက်တာမျိုးတွေမရှိဘဲ တောစပ်နားတွေကျတာကြောင့် နေအိမ်အချို့ဘဲ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

သံဘိုကျေးရွာက အိမ်ခြေ ၆၄ အိမ်ရှိပြီး လူဦးရေ ၂၀၀ ကျော်နေထိုင်ကာ ဗုံးကြဲခံရတာကြောင့် ရွာခံအချို့ကတော့ ယနေ့မနက်ပိုင်းမှာမြို့ပေါ်ပြောင်းရွေ့တာရှိပြီး အများစုကတော့ ရွာက ဗုံးခိုကျင်းတွေမှာ ပုန်းအောင်းနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၈ ရက်ကလည်း တောင်သာမြို့နယ်၊ နန်းတည်ကျေးရွာပေါ်ကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲခံရလို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကာ နေအိမ် ၇ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။