လက်ပစ်ဗုံးဆောင်တဲ့ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီးသေဆုံး

0 21
0 21

အုတ်ဖို၊ ဧပြီ ၂၀၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က လက်ပစ်ဗုံးကိုင်ဆောင်တဲ့ အုပ်ချုပ်ရေးမှူး ၁ ဦးကို ဧပြီ ၂၀ ရက် ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ သေနတ်နဲ့ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အုတ်ဖိုမြို့အနောက်ဘက် ၁ မိုင်ခန့်အကွာ ငရှဥ့်ရိုးအုပ်စုက အသက် ၄၅ နှစ်ဝန်းကျင် အုပ်ချုပ်ရေးမှူး နိုင်ဦးကို ငရှဥ့်ရိုးရွာလယ်မှာ သေနတ်နဲ့အနီးကပ်ပစ်ခဲ့တာလို့ ဆိုပါတယ်။

“ကျည်ကုန်မခံဘူး ၁ ချက်ထဲပဲဆော်ခဲ့တာ ပွဲသိမ်းပဲ။ အုတ်ဖိုအနောက်ဘက်ကို PDF တွေ မလာရဲဘူးထင်နေတာ။ အနောက်ဘက်က အုပ်ကြီးတွေ မခန့်လေးစားနဲ့ ပြည်သူကို ရက်စက်လွန်းတယ်”လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ရဲဘော်ဒေဝက ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာပဲ အုတ်ဖိုမြို့စောင့်တပ်က စစ်သားနဲ့ ရဲအင်အား ၄၀ ဦးလောက်က အလောင်းကို ကိုနိုင်ဦးနေထိုင်တဲ့ ကျောင်းစုရွာကို ပြန်သယ်သွားတယ်လို့ ရဲဘော်ဒေဝက ဆက်ပြောပါတယ်။

ပစ်ခတ်ပြီးနောက် လက်ပစ်ဗုံး ၂ လုံး၊ မိုလ်ဘိုင်းဖုန်း ၁လုံး၊ ငွေ ၁ သိန်းကျပ် နဲ့ မှတ်ပုံတင် ၁ ခု သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး နိုင်ဦးဟာ စစ်ကောင်စီကထုတ်ပေးထားတဲ့ သေနတ်နဲ့လက်ပစ်ဗုံးပြပြီး ပြည်သူတွေဆီက စစ်မှုထမ်းကြေးလို့ဆိုကာ ခြိမ်းခြောက်ငွေတောင်းတာ၊ လူငယ်တွေကိုအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရုံသာမက အသက် ၆၀ ကျော်အရွယ် အမျိုးသားတွေကိုပါ ပေါ်တာဆွဲဖမ်းဆီးပြီး ခြိမ်းခြောက် ငွေညစ်တာတွေလုပ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေကြတဲ့ စစ်ကောင်စီနဲ့ ထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ၎င်းတို့ အနီးဝန်းကျင်မှာ သွားလာနေထိုင်တာတွေ မပြုလုပ်ဖို့ကိုလည်း အသိပေးထားပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်ကလည်း အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ်အုပ်စု ပေါင်းတည်စုရွာက လက်ပစ်ဗုံးကိုင်ဆောင်တဲ့ ရာအိမ်မှူးဖိုးဖြူကို မြေအောက်ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပုံစာ – သိမ်းဆည်းရမိသည့် လက်ပစ်ဗုံး ငွေ ၁ သိန်းကျပ်နှင့် ဖုန်း။

သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။