ခရီးသည်တင်စက်‌လှေစီးလာတဲ့ အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

0 5
0 5

ဝက်လက်၊ ဧပြီ ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ပစ်ခတ်ခံရပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဧပြီ ၁၈ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ကျေးရွာအနီး ဧရာဝတီမြစ်အတွင်းသွားလာနေတဲ့ ခရီးသည်တင်စက်လှေ ၁ စီးပေါ်က အရပ်သားတွေ ပစ်ခတ်ခံရပြီးထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“စကစဘက်က သူတို့နားကပ်လာတဲ့ သံခွန်လှေကို လှမ်းပစ်တာလို့တော့ သိရတယ်။ သံခွန်လှေကိုမထိဘဲ ခရီးသည်မော်တော်ပေါ်က လူတွေကိုထိတာ။ ၁ ယောက်သေတယ်လို့တော့ သိရတယ်။”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် စက်လှေပေါ်မှာလိုက်ပါလာတဲ့ မတ္တရာမြို့နယ်၊ ရှင်လှကျေးရွာနေ အသက် ၃၁ နှစ်အရွယ် ကိုသန်းမြတ်စိုး ရင်ဘတ်နဲ့ပေါင်မှာ ကျည်ထိဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးပြီး အသက် ၂၇ နှစ်အရွယ် ကိုဇင်ဝေဖြိုး ကတော့ ခြေထောက်ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကျည်ထိပြီး ထိခိုက်သေဆုံးသူတွေကိုတော့ မတ္တရာဆေးရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ရှိန်းမကားရဲစခန်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တာလို့ပြောပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။

ရှိန်းမကားရဲစခန်းအတွင်းက စစ်ကောင်စီအဖွဲ့တွေဟာ ဧရာဝတီမြစ်ကြောင်းအတိုင်းသွားလာနေတဲ့ ကုန်တင်လှေ၊ ခရီးသည်တင်မော်တော်၊ သံခွန်လှေ၊ ဝါးဖောင်၊ သစ်ဖောင်တွေကို ကမ်းကပ်ခိုင်းပြီး ငွေတောင်းယူလေ့ရှိတယ်လို့ သိရပါတယ်

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဧပြီ ၁၁ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့အရပ်သားပြည်သူစုစုပေါင်း ၆,၄၉၉ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။