ရွှေကျင်၊ ဧပြီ ၁၃၊ ၂ဝ၂၅။
ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပြီး ၂ ဖက်ထိခိုက်သေဆုံးသူများခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဧပြီ ၁၁ ရက် မနက် ၆ နာရီကျော်လောက်မှာ ရွှေကျင်မြို့နယ်ထဲက ကာကွယ်ရေးပူးပေါင်းတပ်စခန်းကိုတိုက်ခိုက်ဖို့လာတဲ့ ရွှေကျင်မြို့နယ်အခြေစိုက် ခမရ ၅၉၈ နဲ့ ကျောက်ကြီးမြို့နယ်အခြေစိုက် ခမရ ၅၈၉ တို့က ပူးပေါင်းအင်အား ၁၀ဝ ဦးကျော်လောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
“ထိတွေ့တိုက်ပွဲဖြစ်တာ။ အချိန်ကာလက ၂ နာရီလောက် ကြာသွားတယ်။ သူတို့လည်းပြန်ဆုတ်တယ် ကျနော်တို့လည်း ဆုတ်သွားတာ။ သူတို့ကသာလွန်အင်အားနဲ့ လာရောက်တိုက်တဲ့အပြင် ဒရုန်းတွေနဲ့ပါတိုက်ခိုက်လာလို့ တိုက်ပွဲဖြစ်တဲ့နေရာက ခေတ္တဆုတ်ခွာခဲ့တယ်။” လို့ ဝေါပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ကာ သေဆုံးသူတွေကို သင်္ဂြိုဟ်ပြီးစီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီဘက်ကလည်း ၉ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သိရကြောင်း ဝေါပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်ညိုတပ်ရင်းနဲ့ အင်းတကော် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ့ဟာ ပြီးခဲ့တဲ့ မတ် ၈ ရက် မနက် ၃ နာရီလောက်ကလည်း ပဲခူးတိုင်း ရန်ကုန်- မော်လမြိုင်လမ်းပေါ်က ဝေါမြို့နယ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကိုလည်း ၁ဝ၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း