myaelatt athan

Sharing Information to the Local

မင်းကင်းမှာ ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

မင်းကင်း၊ ဧပြီ ၁၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇင်းကလဲကျေးရွာကို ဧပြီ ၁၁ ရက် ညပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု ဆီက သိရပါတယ်။

မနေ့ည ၇ နာရီ ၁၀ မိနစ်ခန့်မှာ တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ဇင်းကလဲ ကျေးရွာကို ပေါင် ၃၀၀ ဗုံးသီး ၃ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

“ပေါင် ၃၀၀ ဗုံးတွေ ကြဲတာ၊ ပြည်သူ ၂ ဦးသေဆုံးသွားတယ်၊ ထိခိုက်ဒဏ်ရာကတော့ ပြင်းထန်ဒဏ်ရာ ၁၀ ဦးလောက်ရတယ်၊ နောက်ထပ်သေဆုံးဖွယ်ရာတွေလည်း ရှိနိုင်တယ်၊ အိမ်မွေး ခိုင်းနွားတွေလည်း သေတာရှိတယ်၊” လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု ရဲဘော်မြတ်ကိုက ပြောပါတယ်။

ဗုံးကြဲချိန် ဇင်းကလဲကျေးရွာက အသက် ၂၈ နှစ် အရွယ် မနန်းချောနဲ့ အသက် ၃၁ နှစ် အရွယ် မအေးနွယ်တို့သေဆုံးပြီး ဒေသခံ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး နွား ၁ ကောင်သေဆုံးကာ လက်ရှိမှာတော့ ဒေသခံတွေလည်း ရွာကတိမ်းရှောင်နေကြတယ်လို့ ရဲဘော်မြတ်ကိုက ပြောပါတယ်။

ဇင်းကလဲကျေးရွာက ဒဏ်ရာရရှိသူ ၁၀ ဦးကိုတော့ ကျန်းမာရေးစောင့်ရှောက်ပေးထားကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကလည်း ယင်းမာပင်နဲ့ ကနီမြို့နယ်ထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စက်တပ်လေထီး (Paramotar) နဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး သာသနိကအဆောက်အအုံတွေပျက်စီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။