ဇီးကုန်းမှာ စစ်တပ်အမာခံကြက်ခြေနီခေါင်းဆောင်ထံက WY ဆေးပြားတွေ ဖမ်းမိ

0 11
0 11

ဇီးကုန်း၊ ဧပြီ ၁၁၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ် စစ်ကောင်စီအမာခံ သတင်းပေးထောက်တိုင် ကြက်ခြေနီခေါင်းဆောင်ထံက WY ဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ဖမ်းဆီးခံရသူမှာ ဇီးကုန်ကြက်ခြေနီအဖွဲ့ခေါင်းဆောင် အသက် ၅၀ နှစ်ကျော်အရွယ် ကိုကျော်စိုးမင်း (ခ)မင်းမင်း (ခ)မင်းလေးဖြစ်ပြီး ဧပြီ ၉ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ၎င်းနေထိုင်ရာ အမှတ် ၁ ရပ်ကွက်၊ မြရတနာလမ်းနေအိမ်ကို သာယာဝတီခရိုင်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ် WYဆေးပြား ၅၂ ပြားနဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“ ရဲ**တွေ စဝင်ဖမ်းတဲ့နေ့က ဆေးပြားတွေတွေ့လို့ သူက အိမ်ထဲကနေထွက်ပြေးတာ။ လာဖမ်းတဲ့ရဲတွေက လမ်းမပေါ်အထိလိုက်ဖမ်းရတယ်။ စဖမ်းတဲ့နေ့ကတည်းက သာယာဝတီရဲစခန်းအချုပ်ထဲကို ခေါ်သွားတာ။ သူက WYရောင်းနေတာကြာပြီ၊ သူ့ကိုဖမ်းလို့ မြို့ခံတွေဝမ်းသာနေကြတယ်။“ လို့ ဇီးကုန်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုကျော်မင်းစိုးဟာ ယခင်ကလည်း စသုံးလုံး(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) သတင်းပေးလုပ်ခဲ့သလို လက်ရှိအာဏာသိမ်းကာလမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး ဒီမိုကရေစီထောက်ခံသူတွေရဲ့ အိမ်ရှေ့တွေကို သွားရောက်ဆဲဆိုတာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဇီးကုန်းမြို့ခံနောက်တဦးကလည်း ကိုကျော်မင်းစိုးဟာ ဗိုလ်ချုပ်သန်းရွှေ စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်အကျော်ကာလတွေကတည်းက စစ်တပ်သတင်းပေးလုပ်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီမဲအောင်နိုင်ရေးအတွက် လုပ်ဆောင်ခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ဇီးကုန်းမြို့နယ်ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်တဲ့ ဦး​ဉာဏ်ထွန်း မဲအောင်နိုင်ရေးကိုလည်း သူပဲလုပ်ခဲ့တာ။ သန်းရွှေကြီးခေတ်က စသုံးလုံး အင်ဖော်မာလည်းသူလုပ်ဖူးတယ် ခုလည်း စစ်တပ်အမာခံ။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၈ ရက်ကလည်း ပန်းတောင်းမြို့နယ်၊ ရပ်သာအုပ်စု၊ ပုသိမ် – မုံရွာကား လမ်းပေါ်မှာ ကျပ် သိန်းပေါင်း ၂ သောင်းကျော်တန်ဖိုးရှိ WYဆေးပြားတွေ ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – မောင်ဆွေအင်း၊ စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။