myaelatt athan

Sharing Information to the Local

ယာယီတဲနဲ့နေထိုင်ရတဲ့ ငလျင်ဘေးသင့်မန္တလေးမြို့ခံတွေ သုံးရေမရှိလို့ အခက်တွေ့နေ

0
0

မန္တလေး၊ ဧပြီ ၁၁၊ ၂၀၂၅။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အနောက်မြို့ပတ်ကမ်းနားလမ်း၊ ဧရာထွန်းတိုက်တန်းအနီး ယာယီတဲထိုးနေထိုင်နေရတဲ့ ငလျင်ဘေးသင့်မြို့ခံတွေ သုံးရေမရရှိတာကြောင့် အခက်တွေ့နေရတယ်လို့ နေထိုင်သူတွေထံက သိရပါတယ်။

ငလျင်ဘေးကြောင် ဧရာထွန်တိုက်တန်းနေထိုင်သူ အိမ်ထောင်စု ၅၂၀၊ လူဦးရေ ၂,၀၀၀ ကျော်ဟာ တိုက်တန်းအနီးတာရိုးတလျောက်မှာ ယာယီတဲတွေနဲ့ နေထိုင်နေကြရပြီး ၎င်းတို့အတွက် ဆောက်လုပ်ပေးထားတဲ့အိမ်သာတွေမှာ သုံးရေမရတာကြောင့် သန့်ရှင်းမှုမရှိဘဲ အပေါ့၊ အလေးသွားဖို့ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

” အိမ်သာတက်ချင်ရင် ကိုယ့်ဘာသာ ရေပုံးနဲ့ ရေထည့်သွားရတာ၊ ဒီအချိန်က သောက်ရေတောင်လာလှူကြလို့ သောက်နေရတာ၊ ဒီ **ဆေးဖို့အတွက်ရေကဘယ်ကရမှာလဲ၊ ဖြစ်သလိုတက်သွားကြတဲ့သူတွေကြောင့် တော်တော်ညစ်ပတ်တယ်။ တချို့ကျလည်း ရေသန့်လေးတွေကို ပုံထဲလောင်းထည့်သွားကြတာ၊ အိမ်သာထဲ ရေဖြည့်ဖို့ ရေပိုက်ရော ရေရောက မရှိဘူး။” လို့ ယာယီတဲမှာနေထိုင်တဲ့ ငလျင်ဘေးသင့် ကလေးမိခင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ချိုးရေအတွက် နီးစပ်ရာနေအိမ်တွေထံ အကူအညီတောင်းခံကာ သုံးစွဲနေရပြီး နေအိမ်တချို့ကိုတော့ ရေတခါချိုး ၂,၀၀၀ ကျပ်နှုန်း ပေးဆောင်အသုံးပြုရတယ်လို့ ဆိုပါတယ်။

ပုံစာ – ဧရာထွန်းတိုက်တန်းမှ ငလျင်ဘေးသင့်သူများ၏ ယာယီတဲနှင့် အိမ်သာများကို တွေ့ရစဉ်။

ငလျင်ဒဏ်ကြောင့် ဧရာထွန်းတိုက်တန်း အဆောင် ၁၃ ဆောင်အနက် အဆောင် ၁၂ ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး စစ်ဆေးချက်တွေအရ ဆက်လက်နေထိုင်ဖို့မသင့်လို့ ဖြိုချခံရမယ့် အဆောက်အဦစာရင်းမှာပါဝင်တယ်လို့ သိရပါတယ်။

အိမ်သာတွေမဆောက်ပေးမီက တိုက်တန်းအနီးက ငလျင်ထိခိုက်မှုမရှိတဲ့ နေအိမ်တွေထံ အကူညီတောင်းကာ အပေါ့အလေးစွန့်ကြရကာ ဧပြီ ၂ ရက် အိမ်သာတွေဆောက်လုပ်ပြီးချိန် မှာလည်း သုံးရေမရရှိတာကြောင့် အခက်အခဲကြုံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ယာယီတဲတွေနဲ့နေထိုင်ရပြီး သောက်ရေနဲ့အစားအစာအတွက်လည်း နေ့စဉ်လာရောက် လှူဒါန်းသူတွေရှိနေတာကြောင့် အဆင်ပြေမှုရှိပေမယ့် သုံးရေအတွက် အခက်အခဲဖြစ်နေတာလို့ ငလျင်ဘေးသင့်သူတွေက ပြောဆိုကြပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်ဒေသတွေမှာ ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)ရဲ့ ဧပြီ ၇ ရက် စာရင်းတွေအရ နိုင်ငံတဝန်းသေဆုံးသူ ၃,၅၀၀ ကျော်၊ ဒဏ်ရာရသူ ၅,၀၀၀ ကျော်၊ ပျောက်ဆုံးသူ ၂၀၀ ကျော် ရှိနေကာ ငလျင်ဘေးသင့်လူဦးရေ ၉.၁ သန်းကျော်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပုံစာ – ဧရာထွန်းတိုက်တန်းမှ ငလျင်ဘေးသင့်သူများ၏ ယာယီတဲနှင့် အိမ်သာများကို တွေ့ရစဉ်။

သတင်း – ခေတ်သဒ္ဒါ ၊ စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။