ဆင်ဖြူကျွန်း၊ ဧပြီ ၁၀၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မြောက်ချောင်းဖြူအုပ်စု၊ တောင်ဘိုရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကမီးရှို့ပြီး ရွာကနေဖမ်းဆီးသွားတဲ့ ရွာခံအမျိုးသား ၁ ဦးကိုလည်းသတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၆ ရက်ညနေ ၄ နာရီခွဲမှာ ရွာကိုမီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရွာကပြန်ထွက်ချိန် အသက် ၂၄ နှစ် အရွယ် ကိုကောင်းခန့်ငြိမ်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပြီး အလောင်းကိုတော့ ဧပြီ ၁၀ ရက်ဒီမနက် ၈ နာရီလောက်မှာ ပြန်တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
“တောင်ဘိုရွာအရှေ့ဘက် ရေကန်ကြီးအနားက ချောက်ထဲမှာ တကိုယ်လုံးကိုဓါးတွေနဲ့မွှန်းပြီးတော့ မျက်လုံးတွေကကော်ထုတ်ပြီး သတ်ဖြတ်ခံထားတာကို တွေ့ရပါတယ်၊” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဒါ့အပြင် အလောင်းမှာလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့အဝတ်အစားတွေဝတ်ဆင်ပေးခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
“တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဘောင်းဘီကိုဝတ်ဆင်ပေးခဲ့ပြီးတော့ သူတို့တတွေကလိမ်ညာဖို့အတွက် PDF စစ်သားကို သတ်ဖြတ်တယ်ဆိုပြီး ဓါတ်ပုံရိုက်သွားခဲ့ပါတယ်၊ PDF စစ်သားဆိုရင် ဖိနပ်တွေ စနစ်တကျ ဝတ်ဆင်ပြီးတော့မှ တိုက်ပွဲဝင်ကြတာပါ၊ အခုဒီကလေးမှာဆိုလို့ရှိရင် ဖိနပ်ဝတ်ဆင်ထားတာ မတွေ့ ရပါဘူး”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ကိုကောင်းခန့်ငြိမ်းဟာ ရွာကနေတိမ်းရှောင်ဖို့ပြင်ချိန်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူနဲ့ပါသွားတဲ့ ငွေနဲ့ ရွှေထည်ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်တွေကယူသွားတယ်လို့ ဆိုပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကအင်အား ၁၀၀ ကျော်ပါ အဲ့ဒီစစ်ကြောင်းဟာ တောင်ဘိုရွာက နေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် နေအိမ် ၂၂ လုံးမီးလောင်ပျက်စီးခဲ့ပြီး ကျေးရွာအတွင်း ပစ်ခတ်မှုတွေ လုပ်တဲ့အတွက် ဒေသခံအမျိုးသား ၂ ဦးနဲ့ အမျိုးသား ၁ ဦးဒဏ်ရရှိခဲ့ပါတယ်။
“ငွေနဲ့ ရွှေတွေ အလောင်းနဲ့အတူမတွေ့ရတဲ့အတွက် အကြမ်းဖက်စစ်တပ်ကနေ လုယူပြီးတော့ သတ်ဖြတ်သွားတာပါ၊ အရပ်သား ၃ ဦးကတော့ လက်မောင်းတွေကိုကျည်ထိတယ်၊ လူငယ်တွေပဲ ဖြစ်ပါတယ်၊ အသက်တွေတော့ မသိရပါဘူး၊ အဲ့ဒီ ၃ ဦးကို ရွာတရွာမှာ ဆေးကုသမှုပေးနေပါတယ်”လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဧပြီ ၆ ရက်မှာ တောင်ဘိုရွာကနေဆုတ်ခွာသွားပြီး စလင်းမှာ ပြန်တပ်စွဲနေကာ ဒီကနေ့နေ့လယ် ၁၁ နာရီခွဲမှာတော့ စလင်းရဲစခန်းကနေထွက်ခွာလာပြီး ပေါင်လောင်ရွာဘက်မှာ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ကြောင်းဟာ အခုဧပြီလပထမပတ်အတွင်းကစလို့ ဆိပ်ဖြူမြို့နယ်၊ ကမ္ဘာကြီးရွာဘက်ကနေ စလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာပြီး တညောင်ရွာနဲ့ မြောင်းဖျားရွာတွေကတဆင့် တောင်ဘိုရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတာလည်းဖြစ်ပါတယ်။
သတင်း – ဒိန်းဂျား၊ စာတည်း – လင်း