ပခုက္ကူ၊ ဧပြီ ၉၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့၊ ကျွန်းချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ တာဝန်ကျနေတဲ့ တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံလာတယ်လို့ Southern YSO PDF က ဧပြီ ၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
အသက် ၃၇ နှစ်အရွယ် တပ်ကြပ်ဖြူလေးဟာ ကျွန်းချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ ၁ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ပြီး ခိုလှုံလာတာလို့ ဆိုပါတယ်။
“ကျနော်တို့ဆီကို လက်နက်နဲ့အလင်းဝင်မယ်လို့ ဆက်သွယ်တာ။ မြစ်ခြေမြို့၊ ကျွန်းချောင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံအနီးထိ သူ့ကိုသွားခေါ်ယူခဲ့တယ်။ ပြီးခဲ့တဲ့ ၂ လပိုင်း ၂၅ ရက် ကတည်းက အလင်းဝင်တာပါ၊ တပ်ထဲမှာ သူ့မိသားစုတွေ ကျန်ခဲ့တာကြောင့် အခုမှထုတ်ပြန်ရတာ။”လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။
ပခုက္ကူမြို့အခြေစိုက် ခလရ ၂၅၉ တပ်ရင်းမှာ ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တပ်အတွင်းနေထိုင်မှုမလွတ်လပ်တာ၊ ခွဲခြားဆက်ဆံခံရတာ၊ ပြည်သူအပေါ်ကျင့်သုံးနေတဲ့ စစ်တပ်ရဲ့ဆက်ဆံရေးတွေကို သဘောမကျတာကြောင့် ခုလို ဘက်ပြောင်းလာခဲ့တာလို့ တပ်ကြပ်ဖြူလေးပြောပြချက်ကို ကိုးကားပြီး ဗိုလ်အောင်မောင်းက ပြန်ပြောပါတယ်။
သူနဲ့အတူ MA 2 သေနက် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ 5.56 ကျည် ၃၀၀၊ လက်ပစ်ဗုံး ၁ လုံးပါ အတူပါလာတဲ့အတွက် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ပေးထားပြီး သူနေထိုင်ချင်တဲ့နေရာကို သူ့မိသားစုနဲ့ အတူ လုံခြုံစွာပို့လိုက်ပြီလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဇန်နဝါရီ ၇ ရက်အထိ Southern YSO PDF အဖွဲ့ဆီကို ဘက်ပြောင်းခိုလှုံလာသူ ရဲတပ်သားနဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၃၀ ဦးကျော်ရှိပြီလို့ အဲ့ဒီအဖွဲ့ဆီကသိရပါတယ်။
သတင်း – ဒိန်းဂျား၊ စာတည်း -လင်း