myaelatt athan

Sharing Information to the Local

အောင်လံမြို့က လူနေအိမ်ဆိုင်ခန်း ၄၀ ကျော် အင်အားသုံးဖျက်ဆီးခံနေရ

အောင်လံ၊ ဧပြီ ၆၊ ၂၀၂၅

မကွေးတိုင်း၊ အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ ၁၈ လမ်းနဲ့ ၁၉ လမ်းအကြား ကားဂိတ်ဝန်းအဟောင်းရှိ လူနေအိမ်ဆိုင်ခန်း ၄၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဌာနဆိုင်ရာအဖွဲ့ဝင်တွေက အင်အားသုံးဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၆ ရက်ဒီမနက် ၉ နာရီခန့်မှာ အောင်လံမြို့နယ်စည်ပင်သာယာအဖွဲ့ဝင်၊ ရဲနဲ့ စစ်ကောင်စီ စုစုပေါင်းအင်အား ၃၀ ကျော်လောက်က ကားဝန်းဟောင်းထဲကိုရောက်လာပြီး ဆိုင်ခန်းတွေကို ဖြိုဖျက်နေတယ်လို့ ဆိုပါတယ်။

“ဘက်ဟိုးနဲ့ အပြင်ဘက်က ဆိုင်ခန်းတွေကို ဖျက်နေတယ်။ အဲ့နားကို လမ်းပိတ်ထားတယ်။ ကားတွေ အဖြတ်မခံဘူး။ ပစ္စည်းသယ်တဲ့သူတွေတောင် အနောက်လမ်းကနေပတ်ပြီး သယ်နေရတယ်။ ပြီးတော့ စည်ပင်က မိုက်နဲ့အော်နေတယ်။”လို့ ဖြစ်စဉ်ကိုမြင်တွေ့ရတဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက ဆောက်လုပ်ထားတဲ့ အဆိုပါကားဝန်းထဲမှာရှိတဲ့ အဲ့ဒီဆိုင်ခန်းတွေကို အောင်လံမြို့နယ်စည်ပင်သာယာဆီကနေ ဆိုင်ခန်းရှင်တွေက ကျပ်သိန်းရာချီပေး ဝယ်ယူထားတာလို့ ဆိုပါတယ်။

အဆိုပါ ဆိုင်ခန်းတွေကို ယနေ့အပြီးဖြိုချဖို့ စစ်ကောင်စီဘက်က စီစဉ်ထားတဲ့အတွက် ဆိုင်ခန်းရှင်တွေကို ပစ္စည်းချက်ချင်းရွှေ့ပြောင်းဖို့ ပြောထားတယ်လို့လည်းသိရကြောင်း အထက်ပါအမျိုးသမီးက ပြောပါတယ်။

ခုလို ဆိုင်ခန်းတွေကိုဖျက်သိမ်းရာမှာလည်း ဆိုင်ခန်းပိုင်ရှင်တွေကို နစ်နာကြေးပေးတာမရှိဘူးလို့ ဆိုပါတယ်။၊

ပြီးခဲ့တဲ့ ဇန်နဝါရီလက ကားဝန်းအသစ်ကို အောင်လံမြို့ပြင်မှာဖွင့်လှစ်ခဲ့တာကြောင့် ကားဝန်းအဟောင်းကို စည်ပင်သာယာအဖွဲ့ဘက်က ဖျက်သိမ်းဖို့လုပ်ဆောင်လာတာဖြစ်နိုင်တယ်လို့လည်း သူကခန့်မှန်းပါတယ်။

ဆိုင်ခန်းရှင်တွေအနေနဲ့ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နဲ့ ၂၀၂၅ ဇန်နဝါရီ ၁၅ ရက်တို့မှာ အပြီးဖယ်ရှားပေးဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းအစိုးရရုံးကညွှန်ကြားပေမယ့် မထွက်ခွာတာကြောင့် ဧပြီ ၆ ရက်မနက် ၉ နာရီနောက်ဆုံးထားထွက်ခွာဖို့နဲ့ မထွက်ခွာရင်ဖယ်ရှားရှင်းလင်းမယ်လို့ ဧပြီ ၄ ရက်ထုတ် အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ လူမနေတဲ့ဆိုင်ခန်း ၄ ခန်းကို ဘက်ဟိုးနဲ့ဖြိုချထားပြီး ဆိုင်ခန်းပိုင်ရှင်တွေက ငိုယိုတောင်းပန်တာကြောင့် ပစ္စည်းရွှေ့မယ့်အချိန်ကို ခေတ္တပေးထားကာ ပစ္စည်းတွေရွှေ့ပြီးတာနဲ့ဖြိုချဖို့ စစ်ကောင်စီအဖွဲ့ဝင်တွေက စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။