myaelatt athan

Sharing Information to the Local

ငဖဲ – စေတုတ္တရာလမ်းပိုင်းမှာ အရပ်ဖက်ယာဉ်တွေ ပစ်ခတ်ခံရပြီး လူသေဆုံးမှုတွေရှိ

စေတုတ္တရာ၊ ဧပြီ ၅၊ ၂၀၂၅ ။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ စေတုတ္တရာ-ငဖဲလမ်းပိုင်းမှာ အရပ်ဖက်ယာဉ်တွေ ပစ်ခတ်ခံရပြီး လူသေဆုံးမှုတွေရှိတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။

ဧပြီ ၃ ရက် ည ၉ နာရီကျော်မှာ ငဖဲဘက်ကနေ စေတုတ္တရာဘက်ကို အထက်ပါလမ်းအတိုင်းမောင်းနှင်လာတဲ့ အရပ်ဖက်ယာဉ် ၂ စီးဟာ အောက်ဝေါကျေးရွာအနီးမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

” စစ်ရေးအခြေနေကြောင့် အသွားအလာကန့်သတ်ထားတာတဲ့အချိန်မှာ စကစတွေယာဉ်တန်းက တက်လာတာ။ မွန်တော်တို့ ပေါက်ပင်လေးရွာဘက်ကို လာတာ။ ရန်သူကရှေ့ကပါတယ်။ ကြားထဲကသူတို့ဒေါက်တိုင်တွေ အဲဒီဘုန်းကြီးကလည်း မဘသဘုန်းကြီး။ အဲဒီမှာပစ်ကြ၊ခတ်ကြရာမှာ ထိခိုက်သွားတာ။ ကန့်သတ်ထားတဲ့အချိန်မှာ သူတို့က စကစယာဉ်တန်းနဲ့ ကပ်ပါလာတော့ ရန်သူလို့ သတ်မှတ်ခံရပြီး ပစ်ခတ်ခံရတာ။ အမှန်ဆို တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်(ဆက်ပြီး)တက်မယ်ဆိုရင် ခွင့်မပြုစရာမရှိပါဘူး” လို့ မင်းဘူးခရိုင်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီပညာရေးဝန်ထမ်း ၁ ဦး၊ သံဃာ ၁ ပါးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိထားကြောင်းသိရပြီး အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ထိခိုက်သေဆုံးသူတွေက စစ်ကောင်စီနဲ့ပတ်သက်နေသူတွေ၊ ပညာရေးဝန်ထမ်းတွေဖြစ်ပြီး သေဆုံးတဲ့သံဃာတော်ကလည်း စစ်ကောင်စီထောက်ပို့၊ ပျူစောထီးသင်တန်းပေးရမှာ အကူအညီပေးသူဖြစ်ကြောင်း စုံစမ်းသိရှိထားရတယ်လို့ အဆိုပါ PDF တာဝန်ရှိသူက ပြောဆိုပေမယ့် အဲ့ဒီအချက်တွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးတယ်လီဂရမ်တွေမှာတော့ ဧပြီ ၃ရက် ည ၉ နာရီ ၁၅ မိနစ်မှာ အောင်နိုင်ကုန်းရွာဘုန်းကြီးကျောင်းဆရာတော်အပါ လူ ၁၁ ဦးဟာ မကွေးမြို့ကိုဘုန်းကြီးကျောင်းအလှူအတွက် မော်တော်ယာဉ် ၂ စီးနဲ့သွားလာစဉ် အောက်ဝေါကျေးရွာအနီးအရောက်မှာ PDF တွေဘက်က မိုင်းဖောက်ခွဲပစ်ခတ်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိတယ်လို့ ဖော်ပြကြပါတယ်။

စေတုတ္တရာမြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီစခန်းတွေ၊ ယာ​ဉ်တန်းတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အနီးဝန်းကျင်တွေမှာ သွားလာနေထိုင်တာတွေမပြုလုပ်ဖို့၊ လမ်းပိုင်းတွေကို မနက် ၅ နာရီကနေ ည ၇ နာရီအတွင်းသာအသုံးပြုကြဖို့နဲ့ လိုက်နာမှုမရှိခဲ့လို့ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို တာဝန်ယူမှာမဟုတ်ကြောင်း မတ် ၁၉ ရက်မှာ စေတုတ္တရာပကဖက သတိပေးထုတ်ပြန်ထားပါတယ်။

” ကပစ ၂၀ က ဗိုလ်ကြီးကျော်စွာမင်း စစ်ကြောင်းမှူးကလည်း စစ်ကြောင်းထိုးတဲ့အခါတွေမှာ ယာဉ်တန်းတွေကြားထဲကနေ ကားလေးနဲ့လိုက်တတ်တော့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒါကလူကြီးကားဆိုပြီးတော့ ပစ်မှတ်ထားပစ်ခတ်တာပေါ့။ ခုက မှားယွင်းပစ်ခတ်တာလို့ ပြောရမယ်။ စစ်ယာဉ်တန်းနဲ့ ကပ်ပါလာတယ်ဆိုတော့ ဒါက မလွှဲသာ၊ မရှောင်တာဖြစ်သွားတာမျိုး” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီတယ်လီဂရမ်မှာဖော်ပြထားတဲ့ ပစ်ခတ်ခံခဲ့ရသည့်ယာဉ့်များ။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။