myaelatt athan

Sharing Information to the Local

ဥသျှစ်ပင်မှာ ကျပ်သိန်း ၅ ထောင်တန်ဖိုးရှိ ရွှေထည်တွေဖောက်ထွင်းခိုးယူခံရ

0
0

ပန်းတောင်း၊ ဧပြီ ၅၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ နေအိမ်ကိုဖောက်ကာ ကျပ်သိန်း ၅ ထောင်ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေခိုးယူခံရပြီး ခိုးသူတွေကိုလည်း ဧပြီ ၅ ရက် ဒီနေ့အထိ ဖမ်းမမိသေးဘူးလို့ ဒေသခံတဦးဆီကသိရပါတယ်။

ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက် ဧကရာဇ်၂ လမ်းနေ ဦးမောင်နုရဲ့နေအိမ်အခန်းထဲရှိ National အမျိုးအစား မီးခံသေတ္တာအတွင်းက ကျပ်သိန်း ၅ ထောင်ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၂ဝ မျိုး နဲ့ ငွေကျပ် ၈ သိန်းခွဲတို့ ပျောက်ဆုံးကြောင်းကို ဧပြီ ၃ ရက်မနက်မှာ အိမ်ရှင်တွေကသိရှိခဲ့ကြတာလို့ ဆိုပါတယ်။

“သူတို့က ရွှေဆိုင်ဖွင့်တာမျိုးမဟုတ်ဘူး။ ဆောက်လုပ်ရေးအငြိမ်းစားလင်မယား အိမ်မှာ ၂ ယောက်ထဲနေတာကို ဝင်ခိုးသွားတာ။ သား ၂ ယောက်ကလည်း အိမ်ခွဲနေကြတာ။ အခုထိတော့ သူခိုးကိုမမိသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလင်မယားဟာ ဧပြီ ၂ ရက် ည ၉ နာရီလောက်က နေအိမ်အခန်းထဲရှိ မီးခံသေတ္တာကိုဂဏန်း နံပါတ်နဲ့မပိတ်ဘဲ သော့ခတ်ခဲ့ပြီး အဲဒီသော့ကိုလည်း မီးခံသေတ္တာအနီးမှာပဲထားခဲ့တာလို့ ဒေသခံတွေရဲ့ပြောပြချက်ကို သူကဆက်ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေထဲမှာ အလေးချိန် ၆ ကျပ်သားခန့်ရှိတဲ့ ရွှေဆွဲကြိုး ၂ ကုံး၊ အလေးချိန် ၄ ကျပ်သားခန့်ရှိ MC ရွှေဆွဲကြိုး ၁ ကုံး၊ အလေးချိန် ၇ ကျပ်သားခန့်ရှိ ရွှေလက်ကောက် ၁၄ ကွင်းပါဝင်တဲ့အပြင် ငွေကျပ် ၈ သိန်း ခွဲလည်း ပျောက်ဆုံးသွားတယ်လို့ ပြောပါတယ်။

အမှုကို ဥသျှစ်ပင်နယ်ရဲစခန်းက ဧပြီ ၃ ရက်နေ့မှာပဲ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖောက်ထွင်းခိုးယူမှုနဲ့ အမှုရေးဖွင့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ညကလည်း ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်နယ်မြေရဲစခန်းအပိုင် ကျောက်ဖူးအုပ်စု၊ ကံကူရွာက ဒေါ်မြင့်ကြည်ရဲ့ နေအိမ်အတွင်းက အပ်ချုပ်စက် ခေါင်း ၁ လုံးကို တရွာတည်းနေသူ အမျိုးသား ၂ ဦးက ခိုးယူခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။

သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း