myaelatt athan

Sharing Information to the Local

ညောင်ဦးမှာဝင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ပြန်ဆုတ်သွားပြီး ရွာကိုမီးရှို့ခဲ့

ညောင်ဦး၊ ဧပြီ ၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်းဦးနယ်မှာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးလောင်ဖျား(မြောက်ရွာ)က နေအိမ်တွေကိုမီးရှို့ပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဧပြီ ၃ ရက်မနက် ၁၀ နာရီခွဲမှာ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်နဲ့ စကာကျေးရွာတွေမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကြောင်း ၂ ခုက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ဟာ မီးလောင်ဖျား(မြောက်ရွာ)ကိုဝင်လာပြီး နေအိမ်တွေကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“မနက်ပိုင်းမှာ မီးလောင်ဖျားမြောက်ရွာကို ဝင်ရှို့တယ်။ မီးရှို့ပြီးတော့ ၂ နာရီလောက်မှာ စဉ့်ကူဘက် ပြန်ဆုတ်သွားတယ်။ မြေသန့်တောင်နဲ့ ကြိုကုန်းမှာတပ်စွဲတဲ့ စစ်ကြောင်းတွေလည်း ပုဂံဘက် ပြန်ထွက်သွားပြီး။ စစ်ကြောင်းအားလုံးပြန်ဆုတ်သွားပြီ။”လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့သွားလို့ ကျေးရွာထဲက နေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး ဆိုင်ကယ် ၁၀ စီးကျော်ကိုလည်း ယူသွားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းတွေပြန်ဆုတ်ခွာသွားတဲ့အတွက် ဧပြီ ၃ ရက်ညနေပိုင်းမှာပဲ စစ်ရှောင်နေကြတဲ့ ဒေသခံအများစုကရွာထဲကိုပြန်ဝင်ရောက်နေကြပြီလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

မတ် ၂၈ ရက်ကစပြီး ပုဂံညောင်ဦး၊ ပခုက္ကူ၊ ကမ္မမြစ်ခြေ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၆၀၀ ပါစစ်ကြောင်းဟာ ကြအို၊ မြေသန့်တောင်၊ တက်မရေနံမှော်၊ မုန်တိုင်း၊ ပြင်းချောင်းကျေးရွာတွေကိုစစ်ကြောင်း ၈ ကြောင်းနဲ့ဝင်ရောက်ပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။

အဲဒီနောက် မတ် ၃၁ ကနေ ဧပြီ ၂ ရက်ထိ အနောက်အုံ၊ ချောင်းရှည်၊ ဇီးစမြင်မြောက်၊ ဇီးစမြင် အလယ်၊ ဇီးစမြင်တော၊ ကျောက်ပြင်ကန်၊ ယာတောကြီး၊ သချင်ကန်၊ စကား၊ မြောင်၊ ရွှေသဖြူ၊ ကန်သာ၊ လည်ကန်၊ မီးလောင်ဖျားမြောက်၊ မီးလောင်ဖျားတောင်၊ ကြအိုကျွန်း၊ ရွာသစ်၊ ဥယျာဉ်၊ ကျွန်းချောင်း၊ ကံစပ်တော၊ သပွတ်စုအပါအဝင် ကျေးရွာ ၂၆ ရွာကို စစ်ကြောင်းပတ်ထိုးနေခဲ့တဲ့အတွက် ဒေသခံ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးနေစဉ် ချောင်းရှည်ရွာက ဒေသခံ ၂ ဦး၊ ဇီးတမြင်က ၃ ဦး၊ ကန်သာက ၂ ဦး အပါအဝင်ကျေးရွာစုံက ဒေသခံ အမျိုးသား၊ အမျိုးသမီး ၇၀ လောက်ဖမ်းဆီးခံရပြီး စစ်ကြောင်းပြန်ထွက်သွားချိန်မှာတော့ အကုန်ပြန်လွတ်လာကြပြီလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် မတ် ၃၁ ရက်မှာ အရှေ့ကျောက်ပြင်ကန်ကျေးရွာက နေအိမ် ၂ လုံးမီးရှို့ခံရပြီး ကြက်၊ ဘဲ၊ ဝက်တွေအပါအဝင် စားသောက်ကုန်တွေနဲ့ တန်ဖိုးရှိပစ္စည်းအတွေကိုလည်း ယူသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဧပြီ ၂ ရက်က ၂၂ ရက်အထိ ၃ ပတ်တာကာလ အပစ်ခတ်ရပ်ဆဲမယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။