myaelatt athan

Sharing Information to the Local

စေတီတည်ထားတဲ့ ပေ ၃၀ ပတ်လည်ခန့်ရှိကျောက်တုံးကြီး ငလျင်ဒဏ်ကြောင့်ပြိုကျလာနိုင်လို့ ကျောက်ဆည်မြို့ခံတွေ အရေးပေါ်ပြောင်းရွှေ့နေရ

ကျောက်ဆည်၊ ဧပြီ ၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ စေတီတည်ထားတဲ့ ပေ ၃၀ ပတ်လည်ခန့်ရှိ ကျောက်တုံးကြီးပြိုကျလာနိုင်လို့ စုကြီးရပ်ကွက်အတွင်း နေထိုင်တဲ့မြို့ခံတွေ ဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။

စုကြီးရပ်ကွက်၊ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီတည်ထားတဲ့ ကျောက်တုံးကြီးဟာ ငလျင်ဒဏ်ကြောင့် ပြိုကျမယ့်အနေအထား ၉၀ ရာခိုင်နှုန်းရှိနေပြီး တောင်ခြေရှိနေအိမ်တွေအပေါ် ပြုတ်ကျလာနိုင်တာကြောင့် အန္တရာယ်ဇုံအဖြစ်သတ်မှတ်ကာ အထွေထွေအုပ်ချုပ်ရေးဌာနက ဧပြီ ၃ ရက် ယမန်နေ့ကစတင်ကာ ၂ ရက်အတွင်း အရေးပေါ် ပြောင်းရွှေ့ခိုင်းနေတာလို့ ဆိုပါတယ်။

” ကျောက်သေတ္တာဘုရားလို့ပြောရမယ်။ ငလျင်လှုပ်သွားတော့ ဟိုရက်တွေကလည်း တော်တော်လှုပ်သွားတော့ အရှေ့ကို ရွေ့ရွေ့လာတာ။ အခုကတော်တော်သိသိသာသာကြီးကို ပြုတ်ကျတော့မှာ။ အောက်မှာက လူနေအိမ်၊ စျေးတွေ၊ ကားလမ်းတွေ၊ ဆီဆိုင်တွေရှိတယ် အဲ့ဒါကြောင့်ရွှေ့ခိုင်းတာ။ သူတို့ (ထွေအုပ်)ဘက်ကလည်း စက်ကိရိယာတွေနဲ့ တိုင်းတယ်ထင်တယ်။ လုံးဝစိတ်မချရတဲ့အခြေနေဆိုတော့ (ပြောင်းရွှေ့ကြဖို့) မီးသတ်ကားတွေနဲ့ လိုက်အော်နေတာ။”လို့ ကျောက်ဆည်မြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ကျောက်ဆည်မြို့နယ်စစ်ကောင်စီဘက်က ပြောင်းရွှေ့ရမယ့်ဧရိယာကို စုကြီးရပ်ကွက် အရှေ့ဘက် ရွှေသာလျောင်းတောင်ခြေအထိ၊ အနောက်ဘက် မင်းကဲမြောင်း၊ တောင်ဘက် မြို့မစျေးအထိ၊ မြောက်ဘက် လေးမျက်နှာဘုရားလမ်းအထိ အမိန့်ထုတ်ပြန်ထားတာဖြစ်ပြီး ကြေညာချက်ထုတ်ပြီးပြီးချင်း ယမန်နေ့မှာ အရေးပေါ်ပြောင်းရွှေ့နေကြသူတွေရှိသလို ဧပြီ ၄ ရက် ဒီကနေ့ မနက်ပိုင်းမှာလည်း ထပ်မံပြောင်းရွှေ့နေသူတွေရှိတယ်လို့ ဆိုပါတယ်။

ပြိုကျလာနိုင်တဲ့ ကျောက်သေတ္တာဘုရားကျောက်တုံးကြီးဟာ ခန့်မှန်း ပေ ၃၀ ပတ်လည်အထက်ရှိနိုင်ပြီး အန္တရာယ်ရှိနေတာကြောင့် စစ်ကောင်စီဘက်က ဖောက်ခွဲပစ်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

“ခုကျောက်တုံးက တောင်ထိပ်မှာမဟုတ်ဘူး။ တောင်လယ်လောက်မှာ ။ ကျောက်တုံးပြုတ်ကျရင် စျေးနဲ့တည့်တည့်လောက်ကိုကျနိုင်တာ။”လို့ အထက်ပါဒေသခံအမျိုးသမီးက ဆိုပါတယ်။

ပြောင်းရွှေ့အမိန်ထုတ်ထားတဲ့ ဧရိယာအတွင်းမှာ ကျောက်ဆည်မြို့မစျေးအပါအဝင် အိမ်ခြေ ၄၀၀ ဝန်းကျင်ခန့်ပါဝင်နေပြီး ပြောင်းရွှေ့ရတဲ့ပြည်သူတွေအနေနဲ့ ဖောင်ရွာကျေးရွာ ယာယီကယ်ဆယ်ရေးစခန်းမှာ နေထိုင်နိုင်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

အမိန့်ထုတ်ထားတဲ့ရက်ပိုင်းအတွင်း သတ်မှတ်ဧရိယာအတွင်းကို ဖြတ်သန်းသွားလာတွေမပြုလုပ်ဖို့ ကန့်သတ်ထားပြီး ကျောက်တုံးကြီးကို ရှင်းလင်းပြီးမှ ပြန်လည်နေထိုင်ခွင့်ပေးသွားမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ကျောက်ဆည်မြို့အတွင်းမှာ လူသေဆုံးမှု ၈၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်နဲ့ နေအိမ်အဆောက်အဦ ၄၀၀ ထက်မနည်း ပျက်စီးတာတွေရှိခဲ့တယ်လို့ မြေပြင်လူမှုကူညီရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။