myaelatt athan

Sharing Information to the Local

ယင်းမာပင်နဲ့ကနီမှာဗုံးကြဲလို့ ၁ ဦးဒဏ်ရာရပြီး သာသနိကအဆောက်အအုံတွေပျက်စီး

စစ်ကိုင်း၊ ဧပြီ ၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ထဲကို ဧပြီ ၃ ရက် နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စက်တပ်လေထီး (Paramotar) နဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

နေ့လယ် ၁၂ နာရီခွဲကနေ ည ၁၀ နာရီအတွင်း ကနီမြို့နယ်အရှေ့ခြမ်း၊ နတ်ကြီးရွာ၊ မုဌောရွာ၊ တောင်ပျောက်ရွာနဲ့ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း၊ နှောပင်ရွာ၊ ကျောက်မှော်ရွာ၊ အင်းဘတ်ရွာတို့ကို စက်တပ်လေထီးတို့နဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“မုံရွာ နမခက တက်လာတဲ့ စက်တပ်လေထီး (Paramotar) ၁ စီးက နေ့လယ် ၁၂ နာရီခွဲမှာ ကနီမြို့နယ် အရှေ့ခြမ်း နတ်ကြီးရွာ၊ မုဌောရွာ၊ တောင်ပျောက်ရွာ တို့ကိုဗုံးကြဲသွားတာ၊ ပြည်သူတော့အထိအခိုက်မရှိဘူး၊ မုဌောရွာက ဘုရားစေတီပုထိုးတွေဗုံးမှန်တယ်၊ ဓမ္မာရုံက သွပ်တွေလည်း ပေါက်သွားတယ်”လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်မြတ်ကိုက ပြောပါတယ်။

ဒါ့အပြင် ည ၉ နာရီခွဲလောက်မှာလည်း မုံရွာ နမခဘက်ကတက်လာတဲ့ စက်တပ်လေထီး ၁ စီးက ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ နှောပင်ရွာ၊ ကျောက်မှော်ရွာ၊ အင်းဘတ်ရွာတို့ကို ဗုံး ၄ လုံးကြဲချခဲ့ပါ တယ်။

ဒီဗုံးကြဲမှုမှာတော့ ကျွန်းမှော်ရွာက အသက် ၆၉ နှစ်အရွယ် ဒေါ်တင်မြိုင်ရဲ့ခြေထောက်မှာ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ပဲကနဦးသိထားရတယ်လို့ ရဲဘော်မြတ်ကိုက ပြောပါတယ်။

ဗုံးကြဲပြီး ၁၀ မိနစ်လောက်အကြာမှာ မုံရွာ နမခ နဲ့ ချင်းတွင်းတံတားထိပ်ရှိ အောင်ဇေယျ တပ်ကုန်းကနေ ဟောင်ဝစ်စာတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီဗုံးကြဲပစ်ခတ်မှုတွေအတွင်းရရှိခဲ့တဲ့ ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့ မြေလတ်အသံက ဆက်လက် စုံစမ်းနေပါတယ်။

ဧပြီ ၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အတွင်းရှိ တရုတ်ကြေးနီ စီမံကိန်းအနီးက ကျေးရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးခဲ့တဲ့အတွက် ဒေသခံ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စာတည်း – လင်း