ဘန်ကောက်မြို့မှာ Earth Hour အထိမ်းအမှတ်အဖြစ် မီးများပိတ်ထားရန် တိုက်တွန်း (နိုင်ငံတကာသတင်း)

0 7
0 7

မြေလတ်အသံ၊ မတ် ၂၈၊ ၂၀၂၆။

Earth Hour 2026 လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတခုအဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နေပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မတ်လ ၂၈ ရက်(စနေနေ့)မှာ မလိုအပ်တဲ့ လျှပ်စစ်မီးနဲ့လျှပ်စစ်ပစ္စည်းတွေကို ၁ နာရီကြာပိတ်ထားဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက် ဒီနေ့မှာ ကျင်းပမယ့် နှစ်စဉ်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုက စွမ်းအင်ချွေတာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ Bangkok Post သတင်းဌာနမှာ ဖော်ပြပါတယ်။

တမြို့လုံးအတိုင်းအတာနဲ့ ပါဝင်ဆင်နွှဲမယ့် အဆိုပါအစီအစဉ်ကို ဒေသစံတော်ချိန် ည ၈:၃၀ နာရီကနေ ၉:၃၀ နာရီအထိ သတ်မှတ်ထားပြီး စွမ်းအင်ချွေတာရေးနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို လျှပ်စစ်မီးတွေပိတ်ပြီးပြသကြမယ့် ကမ္ဘာတစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော မြို့ကြီးတွေနဲ့အတူ ဘန်ကောက်မြို့ကလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘန်ကောက်၊ နွမ်ထဘူရီနဲ့ စမွတ်ပရာကန် စတဲ့ခရိုင်တွေကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအဓိက တာဝန်ယူရတဲ့ မြို့တော်လျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့ (MEA)က အနီးနားရှိခရိုင်တွေက ပြည်သူတွေကို လည်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

MEA အနေနဲ့လည်း ရုံးခန်းတွေရှိ မလိုအပ်တဲ့မီးတွေကို ပိတ်ထားမှာဖြစ်ပြီး ယင်းမှာ အဆိုပါ ၁ နာရီအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် လျှော့ချနိုင်ခြေရှိတာကို ပြသခြင်းဖြစ်ပြီး အိမ်ထောင်စုတွေအနေနဲ့လည်း အလားတူ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မီးပိတ်ခြင်းလှုပ်ရှားမှုဟာ ၂၀၀၇ ခုနှစ်က သြစတြေးလျနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး အဆိုပါကာလမှာ ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ရံပုံငွေအဖွဲ့ (WWF) သြစတြေးလျက လူသားတွေရဲ့ ကာဗွန်ထုတ်လွှတ်မှုကြောင့် ရာသီဥတုအပေါ် သက်ရောက်မှုတွေကို အာရုံစိုက်လာစေဖို့ အခြေခံလူထုလှုပ်ရှားမှုတစ်ရပ်အဖြစ် စတင်ခဲ့တာလို့ သိရပါတယ်။

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ အထိမ်းအမှတ်အဖြစ် မီးပိတ်ရာမှစတင်ခဲ့တဲ့ အဆိုပါလှုပ်ရှားမှုဟာ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုကြီးတခုအဖြစ် ကျယ်ပြန့်လာခဲ့တာပါ။

၂၀၂၆ ခုနှစ်ဟာ Earth Hour ရဲ့ အနှစ် ၂၀ ပြည့်မြောက်တဲ့ နှစ်ပတ်လည်ဖြစ်ပြီး လက်ရှိမှာ နိုင်ငံနဲ့ နယ်မြေပေါင်း ၁၉၀ ကျော်မှာ ကျင်းပနေသည့် အဆိုပါပွဲက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့ သတိပေးနှိုးဆော်ချက်တရပ်အနေနဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို ၁ နာရီကြာ မီးပိတ်ထားကြဖို့ ဆက်လက်တိုက်တွန်းလျက်ရှိတယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့တော်ခန်းမက စုစည်းထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် Earth Hour ကာလ မီးပိတ်ထားတဲ့ ၁ နာရီအတွင်း ဘန်ကောက်မြို့မှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၃၄ မဂ္ဂါဝပ် လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။

Source: Bangkok Post.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။