ထီးလင်း၊ မတ် ၂၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့နယ်၊ ကန်စွန်းထောင့်ရွာသစ်ကို လေကြောင်းနဲ့ဗုံးကြဲတာကြောင့် သက်ကြီးပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေထံက သိရပါတယ်။
မတ်လ ၂၆ ရက် နေ့လယ် ၁ နာရီကျော်မှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာ ၁ စီးဟာ အိမ်ခြေ ၂၀ ခန့်သာရှိတဲ့ ရွာသစ်ထဲကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။


“အိမ်ဝန်းထဲတွေ ကျတာ။ ဒဏ်ရာရ ၂ ယောက်ကတော့ ၁ အိမ်စီက။ ပထမ ၁ ကြိမ်က တန်းမချဘဲဝဲလိုက်လို့ အဲဒီမှာ ငယ်ငယ်ရွယ်ရွယ် သွက်သွက်လက်လက်တွေက အကုန်ထွက်ပြေးကုန်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ သက်ကြီးပိုင်းတွေက ကျန်နေခဲ့လို့ ထိကြတာ။ “လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားရဲ့ပေါင်နဲ့ အမျိုးသမီး ၁ ဦးရဲ့ လက်မှာ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဗုံးထိမှန်လို့ နေအိမ် ၅ လုံးမီးလောင်ပျက်စီးကာ နွားနဲ့ဝက် ၄ ကောင်သေဆုံးပြီး နွား ၂ ကောင်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။


ယခုဗုံးကြဲခံရတဲ့ ကျေးရွာက ကန်စွန်းထောင့်ရွာဟောင်းရဲ့ မောချောင်းအရှေ့ဘက်မှာရှိတဲ့ကျေးရွာဖြစ်ပြီး ၂၀၂၃ က ၁ ကြိမ် ကျေးရွာအနီး စစ်ကော်မရှင်တပ်တွေနဲ့ PDF အဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲထပ်ဖြစ်တာ၊ လေကြောင်းတိုက်ခိုက်တာမခံရတဲ့ ကျေးရွာဖြစ်တယ်လို့ ဆိုပါတယ်။
ဗုံးကြဲခံရပြီးနောက် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကန်စွန်းထောင့် ရွာဟောင်းနဲ့ အိမ်ခြေ ၂၀ ကျော်ရှိတဲ့ရွာသစ်ဘက်က ပြည်သူအားလုံး ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။
မတ်လ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောက်ဂူဒေသ၊ ကံရွာအနောက်ဘက် တောစပ်မှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ သားအမိ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း