မြို့ပေါ်ရိက္ခာသွားဝယ်တဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းပြီးသတ်သွား

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ရွာတရွာကနေ မြင်းမူမြို့၊ ရွှေပေါင်လောင်ရပ်ကွက်ကို ရိက္ခာသွားဝယ်တဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းပြီးသတ်သွားတယ်လို့ Dog Killers PDF Myinmu အဖွဲ့ထံက သိရပါတယ်။

ပစ်သတ်ခံရသူက Dog Killers PDF Myinmu အဖွဲ့ဝင် အသက် ၃၂ နှစ်အရွယ် ကုလားလေးဆိုသူဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက် ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကိုခံရပြီးနောက် နှိပ်စက်ညှင်းပမ်းခံရပြီး မြင်းမူမြို့မြောက်ဘက်အထွက် မြို့ရှောင်လမ်း မုံရွာ-မန္တလေးလမ်းပိုင်းပေါ်မှာ ပစ်သတ်ခံလိုက်ရတာလို့ Dog Killers PDF Myinmu အဖွဲ့တာဝန်ခံက ဆိုပါတယ်။

“သူကမြို့ပေါ်တက်တဲ့ အချိန်သတင်းပေးရှိတာ။ သူသွားတဲ့အချိန် (စစ်ကောာင်စီတပ်ဖွဲ့က) အနောက်ကလိုက်ပြီး ဖမ်းလိုက်တာ။ သူကိုညှင်းပမ်းနှိပ်စက်ပြီးမှ ပစ်သတ်လိုက်တာ။ သူ့ကိုမိတာက ရွှေပေါင်လောင်မှာ မိတယ်။ အလောင်းကိုတော့ မြင်းမူအထွက် MK ဆီဆိုင်အရှေ့ ခြုံပုတ်နားမှာ ပြန်တွေ့ရတာ။ “လို့ သူကပြောပါတယ်။

သေဆုံးသွားတဲ့ ကာကွယ်ရေးအဖွဲ့ဝင် ကုလားလေးရဲ့ အလောင်းကို ကျန်အဖွဲ့ဝင်တွေက သွားရောက်ကောက်ယူခဲ့ရာ အလောင်းမှာ ဦးခေါင်းပွင့်ထွက်၊ မျက်နှာညိုမဲစွဲ၊ ခန္ဓာကိုယ်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေလည်းရထားပြီး ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းမှာ သဂြိုဟ်လိုက်ပြီလို့ သူကဆိုပါတယ်။

သေဆုံးသူနဲ့ပါသွားတဲ့ ပစ္စတိုသေနတ်တလက်၊ လက်ပစ်ဗုံးတလုံး၊ ဆိုင်ကယ်တစီး၊ ဝယ်ယူထားတဲ့ ရိက္ခာပစ္စည်းတွေနဲ့ ငွေအနည်းငယ်ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားတယ်လို့ သူက ပြောပါတယ်။

၂၀၂၄ မေ ၁၁ ရက်မှာ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ ‌ဒေသခံ ၃၄ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – ဟယ်ရီ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။