မြောင်၊ မတ် ၂၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘတ်ရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ရက်သားကလေးငယ်အပါအဝင် ၃ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာတယ်လို့ နဘတ်တိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။
မတ်လ ၂၀ ရက်မနက် ၁၁ နာရီခန့်မှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ဗုံးကြဲခဲ့ရာ ရွာအလယ်ပိုင်းရှိနေအိမ်တွေနဲ့လမ်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“ရွာနား တိုက်ပွဲမဖြစ်တာ ၂ နှစ်ကျော်ပြီ။ ဘယ်အဖွဲ့အစည်းမှလည်း ရွာထဲမနေဘူး။ ကျတဲ့အိမ်ပေါ်ဆို ရှေးတိုက်ကြီး။ ကျနော်တို့တောင်မမီဘူး(မမွေးခင်ကမရှိဘူး)။ အဲ့တိုက်ဆို ဘာမှသုံးမရတော့ဘူး။ သေတဲ့ကလေးဆို အမည်တောင်မပေးရသေးဘူး ၆ ရက်ပဲရှိသေးတယ်။ ၁ ယောက်ဆို မြင်းမူကနေရွာထဲပလုံလာဝယ်တာကနေ လမ်းပေါ်မှာ ထိပြီးသေတယ်။ အိမ်ထဲသေတာက အဖွားနဲ့ကလေးပါ”လို့ နဘတ်တိုက်နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၆ ရက်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၇၇ နှစ်အရွယ် အဖွား ၁ ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးတို့ နေရာမှာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးအပါအဝင် ကျား၊ မ စိစစ်နေဆဲ စုစုပေါင်း ၁၂ ဦးရှိပြီး ဒဏ်ရာရသူတွေထဲမှာ သေဆုံးကလေးငယ်ရဲ့မိခင်နဲ့ သေဆုံးအမျိုးသမီးရဲ့ ယောက်ျားတို့ပါဝင်ပြီး ဒဏ်ရာပြင်းထန်ရထားကာ နေအိမ် ၉ လုံးပျက်စီးခဲ့ပါတယ်။
ဗုံးကြဲခံရတဲ့ နဘတ်ကျေးရွာဟာ အိမ်ခြေ ၁၄၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး ဗုံးကြဲခံရပြီးနောက် ရွာလယ်ပိုင်းနေ ပြည်သူ ၅၀၀ ကျော်လောက်ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်နေကြပါတယ်။
မတ်လ ၁၈ ရက်ကလည်း မင်းကင်းမြို့နယ်၊ ရွာဘရွာနဲ့မြောက်ချွန်းကျေးရွာအကြား ရွှေမျောတွေကို ဗုံးကြဲခံရလို့ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း