သပိတ်ကျင်း၊ မတ် ၁၉၊ ၂၀၂၆ ။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နီကယ်စက်ရုံကို ဆက်လက်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ မြေပြင်တိုက်ပွဲပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းတွေဟာ တကောင်းမြို့ကနေတဆင့် နီကယ်စက်ရုံတောင်ကြောကို ထိုးစစ်ဆင်ဖို့ကြိုးစားနေပေမယ့် တောင်ကြောပေါ်ကိုမတက်နိုင်သေးဘဲ စက်ရုံနဲ့ ၇ မိုင်ခန့်အကွာ ပီလောပစ်ကျေးရွာအနီးမှာရောက်ရှိနေပြီး မတ်လ ၁၈ ရက် ယမန်နေ့အထိ အဲ့ဒီကျေးရွာအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
” အဲ့မှာပဲ ဘက်တယ်(တိုက်ပွဲ) ဖြစ်နေတာ။ သူတို့ တကောင်းကိုဝင်ပြီး သိပ်မကြာဘူး ရှေ့တိုးလာတော့ အဲ့မှာဖြစ်နေတာ။ကိုယ့်ဘက်က ခံစစ်အနေနဲ့လုပ်နေတော့ တိုက်ပွဲဖြစ်ပြီး (စစ်ကြောင်းတွေ)ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။ လက်ရှိကိုယ့်ဘက်က ထိခိုက်မရှိသေးဘူး” လို့ မြေပြင်တိုက်ခိုက်ရေးပါ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ပီလောပစ်ကျေးရွာအနီးမှာ စစ်ကော်မရှင်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မတ်လ ၁၃ ရက်ကစတင်ကာ နေ့စဥ်တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မတ်လ ၁၇ ရက်မှာလည်း ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲချခဲ့ပေမယ့် လူထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃)က အင်အားရာချီပါစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၆ ရက်မှာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ တကောင်းမြို့ကို စတင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး ၁ လကျော်အကြာ မတ်လ ၁၀ ရက်မှာ တော်လှန်ရေးတပ်တွေဆုတ်ခွာပေးခဲ့ရပြီးနောက် မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
တကောင်းမြို့ဟာ မန္တလေးတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားနိုင်တဲ့ နောက်ဆုံးမြို့ဖြစ်တာကြောင့် မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့မြို့ မရှိတော့ပါဘူး။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ နောက်ဆက်တွဲ ရှမ်း-မန်းစစ်ဆင်ရေးတွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ မိုးကုတ်မြို့တွေကို ၂၀၂၄ နှစ်လယ်ပိုင်းမှာ ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။