မြင်းခြံမှာ ၃ ရက်အတွင်း နေအိမ် ၉၀၀ ကျော်မီးရှို့ခံရ

0 4
0 4

မြင်းခြံ၊ မတ် ၁၀၊ ၂၀၂၆။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို ၃ ရက်အတွင်း မီးရှို့ခဲ့တာကြောင့် နေအိမ် ၉၀၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

ရေလည်ကျွန်းကထွက်လာတဲ့ သီတာယုမွန်အပါ အင်အား ၄၀၀ ကျော်ပါစစ်ကြောင်းဟာ မတ်လ ၈ ရက်မနက် ၁၀ နာရီလောက်မှာ ပတ္တာကျေးရွာကိုဝင်ရောက်မီးရှို့ခဲ့ပြီးနောက် သင်္ဘောတင်ကျေးရွာမှာ ညအိပ်ရပ်နားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၉ ရက်မနက်အစောပိုင်းမှာလည်း အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ သင်္ဘောတင်ကျေးရွာကို ရွာလုံးကျွတ်မီးရှို့ပြီး ညနေပိုင်းမှာတော့ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ တောင်ကျွန်းရွာကိုဝင်ရောက်ကာ မတ်လ ၁၀ ရက်ဒီမနက် ၇ နာရီခန့်ကစတင်ပြီးတောင်ကျွန်းကျေးရွာနဲ့ အိမ်ခြေ ၂၀၀ ကျော်ရှိ မြောက်ကျွန်းကျေးရွာကို မီးထပ်ရှို့နေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲမဖြစ်ဘဲနဲ့ကို အရှို့ခံနေရာတာ။ အလက်သံ(သေနတ်သံ)တွေမကြားဘဲ တောက်လျှောက်ရှို့နေတာ။ နဘူးအိုင် ဘက်က ပုံစံလိုမျိုးရှို့လာနေတာ။ မြစ်အရှေ့အတိုင်း စပိဘုတ်တွေနဲ့က ၁ ကြောင်းလာတယ်။ မီးရှို့မယ့်စစ်ကြောင်းက ၁ ကြောင်းရှိတယ်။ အနိမ့်၊ ဆီမီးခုံနဲ့ တလုပ်လမ်းကြောင်းပေါ်မှာ ဒုံးကား ၁ စီးနဲ့ပတ်ထားပြီး ပတ်မွှေနေတာ”လို့ ကျေးရွာပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

မီးရှို့ခံရတာကြောင့် ပတ္တာကျေးရွာက အိမ်ခြေ ၂၀၀ ခန့်၊ သင်္ဘောတင်ကျေးရွာက အိမ်ခြေ ၃၀၀ ကျော်၊ တောင်ကျွန်းရွာက အိမ်ခြေ ၂၀၀ ခန့်နဲ့ မြောက်ကျွန်းကျေးရွာက အိမ်ခြေ ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဟာ မြောက်ကျွန်းကရွာကိုမီးရှို့ပြီးနောက် မနက် ၁၀ နာရီခန့်မှာ ရွာကနေ ဆက်လက်ထွက်ခွာသွားတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

စစ်ကြောင်းဝင် မီးရှို့နေလို့ ပတ္တာ၊ သင်္ဘောတင်၊ တောင်ကျွန်း၊ မြောက်ကျွန်း၊ ဆင်ချောင်း၊ ကမ္မနီ၊ သဲကုန်းကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က လူဦးရေ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရပြီး မတ်လ ၁၀ ရက် ဒီကနေ့အထိ ကျေးရွာတွေထဲပြန်မဝင်ကြရသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ညောင်ဝန်းကျေးရွာနဲ့သက္ကယ်ကျင်းကျေးရွာတို့ကို စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်မီးရှို့ပစ်ခတ်ခဲ့တာကြောင့် အိမ်ခြေ ၄၀ ကျော်မီးလောင်ပျက်စီးပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။