တော်လှန်ရေးတပ်တွေရဲ့အချက်အလက်တွေကို စစ်တပ်ဆီပို့တဲ့အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0 16
0 16

သဲကုန်း၊ မတ် ၉၊ ၂၀၂၆။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ကြို့ပင်သာရွာနေ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံဆီက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ ကြို့ပင်သာရွာအုပ်ချုပ်ရေးမှူး ခင်စိုးဆိုသူဖြစ်ပြီး မတ်လ ၈ ရက်ည ၉ နာရီကျော်က နေအိမ်မှာရှိနေချိန် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“သူအိမ်ထဲဝင်ဖမ်းပြီးတော့ သူခြံဝန်းထဲမှာပဲရှင်းတာ။ ၃ ချက်ပစ်ခတ်ခဲ့တာ။ အိမ်မှာမိသားစုတွေ ရှိတယ်။ မဆိုင်တဲ့သူတွေကို ဘာမှမလုပ်ခဲ့ဘူး”လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံ Shadow ကပြောပါတယ်။

အနီးကပ်ပစ်ခတ်ခံရပြီး ဦးခင်စိုးမှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးသွားပြီး ပစ်ခတ်မှုအပြီး ၂ နာရီကျော်အကြာမှာ အလောင်းကိုစစ်ကော်မရှင်အဖွဲ့တွေလာကောက်သွားပြီး သဲကုန်းဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

မတ်လ ၉ ရက် ဒီမနက်ပိုင်းမှာတော့ ဦးခင်စိုးရဲ့ရုပ်အလောင်းကိုနေအိမ်ပြန်သယ်လာပြီး နာရေးပြုလုပ်နေကြတယ်လို့ သိရပါတယ်။

ဦးခင်စိုးဟာ စစ်မှုထမ်းကြေး လတိုင်းကောက်ခံပေးတာ၊ ထောက်ခံစာ ၁ စောင်ကို ၂ သောင်းကျပ် ကောက်ခံတာ၊ ဒေသခံတွေကိုပေါ်တာဆွဲဖမ်းဆီးရာမှာ စစ်ကော်မရှင်တပ်သားတွေနဲ့အတူ လိုက်ပါဖမ်းဆီးတာ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့သတင်းအချက်အလက်တွေကို စုဆောင်းပေးပို့တာတွေ လုပ်ဆောင်နေသူဖြစ်ပြီး သူ့ကြောင့် ဒေသခံ ၅ ဦးဖမ်းဆီးခံရတဲ့ဖြစ်စဥ်တွေရှိခဲ့တာကြောင့် ခုလို ပစ်ခတ်ခဲ့တာလို့ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ Shadow ကပြောပါတယ်။

ပစ်ခတ်မှုပြုလုပ်ပြီး ဦးခင်စိုးဆီက တံဆိပ်တုံးနဲ့ ထောက်ခံစာလုပ်တဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကလည်း သဲကုန်းမြို့နယ်၊ ညောင်ပင်စုကျေးရွာက ကြက်ဝိုင်းမှာ စစ်ကော်မရှင်သတင်းပေး သန်းဇော်ဆိုသူဟာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။