မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ကနေ ရေမလွှတ်တဲ့အတွက် ဒေသခံတောင်သူတွေ စိုက်ပျိုးရေးလုပ်ဖို့ အခက်တွေ့နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်ဒီကနေ့ထိ ဆည်ရေက မူးဘောင်တွေအတွင်းကို မရောက်လာသေးတာကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်ဝန်းကျင်မှာ ပဲ၊ နှမ်း၊ နွေစပါးတွေ စတင်မစိုက်ပျိုးနိုင်သေးဘူး လို့ ဆိုပါတယ်။
“အဲဒီအထက်ပိုင်း(သဖန်းဆိပ်ဆည်ထဲ)မှာ ရွှေမျောတွေ၊ ရွှေဖောင်တွေလုပ်ပြီးတော့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်နေတယ်လို့သာပြောပြီးတော့ ရေတွေလွှတ်မပေးဘူးပေါ့။ ရေဖွင့်မပေးတဲ့အပေါ် တောင်သူတွေကအကျိုးဆက်ဘာဖြစ်နေလဲဆိုတော့ ဘာသီးနှံကိုစိုက်ရမှန်းမသိဘဲနဲ့ ပဲစိုက်ရမလား၊ နှမ်းစိုက်ရမလားမသိဘဲနဲ့ အခြေနေတွေဖြစ်နေတယ်။”လို့ ရွှေဘိုနယ် တောင်သူတဦးက ပြောပါတယ်။
ယခင်နှစ်တွေမှာ ဖေဖော်ဝါရီလ တတိယအပတ်အတွင်း သဖန်းဆိပ်ဆည်ကလွှတ်တဲ့ရေက မူးဘောင်တွေအတွင်းစိုက်ပျိုးနိုင်တဲ့အခြေနေအထိ ရောက်ရှိနေပြီးဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆည်ရေနောက်ဆုံးလွှတ်ရမယ့် ဖေဖော်ဝါရီ ၂၀ ရက် ဒီကနေ့အထိ ရေမရောက်သေးတာကြောင့် စိုက်ပျိုးလို့မရမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဆည်ရေမရလို့ သီးနှံတွေအချိန်မီ မစိုက်ပျိုးနိုင်ပါက တောင်သူတွေအတွက် စားဝတ်နေရေးကြပ်တည်း လာနိုင်သလို ဒေသတွင်းစစ်ဘေးရှောင်တွေနဲ့ နေ့စားလုပ်သားတွေအတွက်လည်း အခက်အခဲကြုံလာနိုင်တယ် လို့ သိရပါတယ်။
“ကျမတို့လယ်တွေ စိုက်ပျိုးရလို့ရှိရင် စစ်ဘေးရှောင်တွေကို အလုပ်ပေးလို့ရတယ်။ ကျမတို့စပါးတွေ မစိုက်နိုင်ဘူးဆိုရင် နေရပ်စွန့်ခွာတဲ့စစ်ဘေးရှောင်တွေကို အလုပ်ပေးလို့မရတော့ဘူး။ သူတို့ဘဝတွေလည်း ဒီထက်ပိုပြီး ခက်ခဲကုန်မှာ။ အမှန်ဆိုရင် စပါးမစိုက်ရမှာစိုးရိမ်နေကြတာ။”လို့ အထက်ပါ တောင်သူအမျိုးသမီးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘိုစခန်းအပါအဝင် ကျွန်းလှသဖန်းဆိပ်ဆည်အနီးတဝိုက်က စစ်ကော်မရှင်နဲ့ပြည်သူ့စစ်စခန်းအချို့ကို တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်ပြီး ဆည်ဝန်ထမ်း Non-CDM တွေကိုပါထိန်းသိမ်းလိုက်ပြီးနောက် ဆည်ရေပေးဝေမှု အခြေအနေကိုပါ တော်လှန်ရေးအဖွဲ့တွေဘက်က ထိန်းချုပ်ထားတာလို့ အခြေနေကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“Non သမားတွေကို ဖမ်းလိုက်တာ။ CDM တွေကနေပြီးတော့ နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ အရာကို ကျွမ်းကျင်ဝန်ထမ်းတွေပြန်ရှာနေရတယ်။ ဆည်စောင့်တွေအနေနဲ့ စစ်ကောင်စီဝန်ထမ်းတွေလည်းရှိတာကိုး။ သူတို့ကိုထိန်းထားတော့ အခုရေပေးတဲ့နေရာမှာ အခက်ခဲဖြစ်နေတာ။ ရေကရှိတော့ရှိတယ်။ မျှဝေတဲ့နေရာမှာ နည်းပညာပိုင်းဆိုင်ရာမှာ ပြန်ပြီးလုပ်ရမယ့်သဘောရှိတယ်”လို့ သူကပြောပါတယ်။
ယခင်က သဖန်းဆိပ်ဆည်တဝိုက်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နှစ်ဖက်စလုံးကလှုပ်ရှားခဲ့ပြီး အခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က အပြည့်အဝထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။
ရွှေဘိုခရိုင်အတွင်းက PDF စိုက်ပျိုးရေးတာဝန်ရှိတဦးကတော့ “ပြည်သူတွေက ရေမရလို့အော်နေတဲ့ အသံကို တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ နားထောင်ပေးပြီးတဲ့အခါက အချို့သောကိစ္စတွေကို ဖြေလျော့ပေးပြီးတော့ ရေလွှတ်ဖို့လုပ်ဆောင်ပေးမှ အဆင်ပြေမှာ”လို့ ပြောပါတယ်။
ရေမရလို့ စပါးအပါအဝင် သီးနှံတွေအချိန်မီ မစိုက်ပျိုးနိုင်ပါက စစ်ကိုင်းတိုင်းအတွင်းရှိ စိုက်ပျိုးထုတ်လုပ်မှုကျဆင်းပြီး GDP(Gross Domestic Product – စုစုပေါင်း ပြည်တွင်းထုတ်ကုန်) ကျနိုင်သလို ဒေသတွင်းပြည်သူတွေ စားနပ်ရိက္ခာ အခက်အခဲလည်းကြုံလာနိုင်တယ်လို့ ရွှေဘိုခရိုင်အတွင်းက PDF စိုက်ပျိုးရေးတာဝန်ရှိတဦးက ခန့်မှန်းပါတယ်။
သဖန်းဆိပ်ဆည်ကိုအမှီပြုပြီး ပဲ၊ နှမ်း၊ စပါးတွေနဲ့ ရာသီပေါ်သီးနှံတွေစိုက်ပျိုးနေရတဲ့ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ဘုတလင်၊ အရာတော်၊ စစ်ကိုင်းမြို့နယ်တွေက စိုက်ဧက ၅ သိန်းကျော်ရှိတယ်လို့ သဖန်းဆိပ်ဆည်နဲ့ပတ်သက်ပြီး ဆည်မြောင်းဦးစီးဌာနထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
စာတည်း – လင်း