ပဲခူး-မွန်အစပ်မှာဝင်နေတဲ့စစ်ကြောင်းကြောင့် စစ်ရှောင် ၅,၀၀၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာအခက်တွေ့နေ

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ် ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်က ရက်ရှည်စစ်ကြောင်းထိုးတပ်စွဲနေတာကြောင့် စစ်ဘေးရှောင်တွေနေရပ်မပြန်ရသေးဘဲ စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေတယ်လို့ ဝေါပကဖထံက သိရပါတယ်။

စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီ ၁၉ ရက် ဒီကနေ့အထိ ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိအထိ ကျောက်ရေတွင်း၊ ဝင်းကံ၊ ခရွဲ၊ ပိန္နဲကုန်းကျေးရွာတွေရဲ့အနီးဝန်းကျင်မှာ အထိုင်ချထားတာကာ စစ်ရှောင်ရွာခံတွေ ကျေးရွာတွင်းပြန်လာနေထိုင်ဖို့ ခြိမ်းခြောက်ခေါ်ဆောင်တယ်လို့ ဆိုပါတယ်။

” စစ်ကြောင်းက ပြန်မထွက်သေးဘူး။ စကစကပြန်ခေါ်တယ်။ ကိုယ့်အိမ်ကိုယ်ပြန်နေ။ မလာရင် မီးရှို့မယ်ဘာညာလုပ်တယ်။ အကြောက်လွန်ပြီး ပြန်မလာကြဘူး။ ရှောင်နေရတာ ၁၀ ရက်ကျော်လာပြီးဆိုတော့ နေရေးထိုင်ရေး စားရေးသောက်ရေးအခက်ခဲဖြစ်နေတယ်။ စားရေးသောက်ရေးအဓိကပေါ့။ လက်ရှိစစ်ဘေးရှောင်က ခက်တာကနေရာအနှံ့မှာနေနေတာ။” ကျေးရွာတွေအတွင်းကျန်ရှိနေတဲ့ သက်ကြီးရွာခံတွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ဝေါပကဖတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုနဲ့ ရွှေကျင်မြို့နယ်တွေထဲကတောတောင်တွေမှာ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့သောက်သုံးရေတွေ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းတွေ အထိုင်ချထားတဲ့နေရာတွေကို PDF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဥ်နီးပါးတိုက်ခိုက်နေပြီး နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဟာ ကျေးရွာတွင်း ပြည်သူနေအိမ်တွေပေါ် တက်ရောက်နေထိုင်ကာ ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်နေသလို ဖေဖော်ဝါရီ ၁၆ ရက်​မှာ ချောင်းဝကျေးရွာက KNU ခန့် အုပ်ချုပ်ရေးမှူးနေအိမ် ၁ လုံး၊ ဝင်းကံကျေးရွာကနေအိမ် ၃လုံးကို မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ခမရ ၂၀၇၊ အမတ ၃၁၀ တပ်တွေကပူးပေါင်းအင်အား ၃၀၀ ကျော်နဲ့ ဖေဖော်ဝါရီ ၈ ရက်က စတင်စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းကြောင့် အိမ်ခြေ ၁၅၀ ကနေ ၃၀၀ ကြားရှိတဲ့ မုက္ကမော့၊ ခရွဲ၊ ချောင်းဝ၊ စစ်ကွင်း၊ ကျောက်ရေတွင်း၊ အခိုင်၊ ဝင်းကံ၊ ပိန္နဲကုန်းရွာတွေက ဒေသခံ ၅,၀၀၀ ထက်မနည်းစစ်ဘေးရှောင်နေကြရတာပါ။

စစ်ကြောင်းစတင်ဝင်ရောက်လာတဲ့ ဖေဖော်ဝါရီ ၉ ရက်မှာ မုက္ခမော့ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ပဲခူးခရိုင်ပကဖအဖွဲ့ဝင် ၃ ဦး၊ ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။