ခင်ဦး၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်ည ၁၀ နာရီခန့်မှာ စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေ ရွာထဲကို ဗုံး ၃ လုံးကြဲချခဲ့တာကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၂ ဦးနဲ့ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး နေရာမှတင်သေဆုံးခဲ့ပါတယ်။


“စာသင်ကျောင်းအဟောင်း စာတော့မသင်ဘူး။ ကျန်းမာရေးကိစ္စထားတဲ့နေရာ လိုကေးရှင်းပေါက်လို့ မထားပဲနဲ့ ရွှေ့ထားတာ။ ကျောင်းထဲကျတာက အဆောက်အဦတွေပျက်တယ်။ လူမထိဘူး။ လမ်းမပေါ် ကျတာမှ လူထိတာ။ လမ်းပေါ်သွားနေတဲ့သူ လူတွေထိတာ”လို့ ခင်ဦးမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၅၀ ကြား အမျိုးသမီး ၄ ဦးနဲ့အမျိုးသား ၄ ဦးဒဏ်ရာရပြီး စာသင်ကျောင်းနဲ့ နေအိမ် ၅ လုံးခန့်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း ခင်ဦးမြို့နယ်၊ လယ်သစ်ကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း