ပုလဲနယ်ထဲက BNRA နဲ့ GZA ဂိတ်စခန်းတချို့ ထပ်မံတိုက်ခိုက်ခံရ

0 11
0 11

ပုလဲ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ် BNRA နဲ့ Generation – Z Army (GZA) ဂိတ်စခန်းတချို့ တိုက်ခိုက်ခံရတယ်လို့ BNRA ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့မနက် ၇နာရီခွဲခန့်က ဒရုန်းဗုံး၊ လက်နက်ကြီးတွေနဲ့တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် ၁ စစ်ဒေသရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ GZAကလည်း ကျနော်တို့ BNRAရဲ့ မဟာမိတ်ဖြစ်နေပြီးတော့ ဒီဖက်နယ်မြေထဲမှာ သူတို့ကလည်း စခန်းချထားတာ ရှိတယ်လေ၊ ကျနော်တို့ လုံခြုံရေးဂိတ်စခန်းတွေနဲ့ မလှမ်းမကမ်းပဲ၊ အဲ့ဒါ ဒီစခန်းတွေကို တိုက်ရင်းနဲ့ တပါတည်း တိုက်ခိုက်မှုလုပ်တာမျိုးပေါ့” လို့ ဗိုလ်နဂါးက မြေလတ်အသံကို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ထားတာတွေရှိပြီး အသေးစိတ်အတည်ပြုထားနိုင်တာမျိုး မရှိသေးဘူးလို့ ဗိုလ်နဂါးက ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အခြေအနေတွေကိုအသေးစိတ်သိရှိနိုင်ရေး ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံ ကိုဇော်ထက်ကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၁၆ ရက် ညနေကလည်း BNRA ဂိတ်စခန်းရဲ့ အနီးဝန်းကျင်မှာ MOD ခရိုင်တပ်ရင်း အင်အားတွေဖြန့်ကျက်နေရာယူထားပြီး ၎င်းအင်အားတွေကို ပြန်လည်ရုပ်သိမ်းဖို့၊ ပြည်သူလူထုအကြား လက်နက်ကိုင်ပဋိပက္ခတွေကို ရှောင်ရှားဖို့ဆိုကာ BNRA က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာလည်း ပုလဲမြို့နယ်ထဲက BNRA အခွန်ကောက်စခန်း ၂ ခုကို ယင်းမာပင်ခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းပြီး BNRA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးတာနဲ့ လက်နက်ငယ်တွေကို သိမ်းဆည်းတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။