ရွှေဘို၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်း PDF ဂိတ်တွေအားလုံးပိတ်သိမ်းဖို့နဲ့ မလိုက်နာပါက အရေးယူသွားမယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်ပါ ရက်စွဲနဲ့ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။
အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းပါဝင်တဲ့ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်မြို့နယ်အတွင်းရှိ ဂိတ်တွေကို ဖေဖော်ဝါရီ ၁၇ ရက်နောက်ဆုံးထားပိတ်သိမ်းဖို့နဲ့ အမှတ် ၂ ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းပါဝင်တဲ့ ရွှေဘို၊ ဝက်လက်၊ ခင်ဦးမြို့နယ်အတွင်းရှိဂိတ်တွေကို ဖေဖော်ဝါရီ ၂၅ ရက်နောက်ဆုံးထားပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
“တရားမဝင်ဂိတ်တွေချပြီးတော့ ပြည်သူအပေါ်မှာလည်း ဖိအားတွေ ဝန်ထုပ်ဝန်ပိုးတွေဖြစ်တယ်။ အဲ့ဒီကိစ္စကြောင့်ပါ။ သူဟာသူသတ်မှတ်ထားတဲ့အခွန်ဂိတ်တွေကပြဿနာမရှိဘူးပေါ့နော်။ မလိုလားအပ်တဲ့ဝန်ထုပ်ဝန်ပိုးတွေဖြစ်မှာမို့ ပိတ်တာပါ။ “လို့ ရွှေဘိုခရိုင်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
ညွှန်ကြားချက်ထုတ်ပြီးနောက်ပိုင်း ပိတ်သိမ်းလိုက်တဲ့ဂိတ်တွေရှိသလို မပိတ်သိမ်းဘဲထားရှိတဲ့ ဂိတ်တွေလည်းရှိနေနိုင်သေးတာကြောင့် လိုက်လံစစ်ဆေးပြီး မလိုက်နာသူတွေကို မြေပြင်လုပ်ဆောင်နေမှုအပေါ်မူတည်ပြီး စီမံခန့်ခွဲမှု၊ ဥပဒေကြောင်းအရ အရေးယူမှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ညွှန်ကြားချက်အရ ရွှေဘိုခရိုင် စစ်ဌာနနယ်မြေအတွင်းရှိ PDF တပ်ရင်းများ၊ Local PDF တွေနဲ့ ပကဖတွေဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်၊ စစ်ဆေးရေးဂိတ် စတဲ့ဂိတ်တွေအားလုံးကို စနစ်တကျ စိစစ်ဖို့ ပိတ်သိမ်းရမှာဖြစ်ပြီး လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
PDF တပ်ရင်းတွေ၊ Local PDF တွေနဲ့ ပကဖ တွေအနေနဲ့ လက်နက်ခဲယမ်းလိုအပ်ချက်ရှိပါက အထက်ဌာနအဆင့်ဆင့်ကို တင်ပြတောင်းခံကြဖို့ ပြည်သူဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ (တရားမဝင်ဂိတ်ဖွင့်ပြီး ငွေကြေးကောက်ခံတာ၊ ရပ်ရွာပြည်သူထံက ခွဲတမ်းတောင်းခံတာ စတဲ့နည်းလမ်း)နဲ့ လက်နက်ခဲယမ်းအတွက်ရန်ပုံငွေရှာဖွေတာကို ရှောင်ကြဉ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ရွှေဘိုခရိုင်အတွင်းမှာ PDF စစ်ဆေးရေးဂိတ်၊ ငွေတောင်းခံမှုတွေကြောင့် ကုန်တင်ယာဥ်မောင်းတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေအကြား ပြဿနာဖြစ်ပွားမှုအခြေအနေတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ မကြာခဏ မြင်တွေ့ရတာတွေလည်း ရှိနေပါတယ်။
စာတည်း – လင်း