ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆။
မကွေးတိုင်း၊ မကွေးမြို့အထွက်ရှိ ကံပြားစစ်ကော်မရှင်ဂိတ်မှာ ခရီးသည်တင်ကားပေါ်က လူငယ်အမျိုးသား ၁၁ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေကျပ်သိန်း ၁၅၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့လယ် ၂ နာရီခန့်မှာ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာ ကားဂိတ်ကနေ ရန်ကုန်ကိုထွက်လာတဲ့ ‘နန်းထိုက်တော်ဝင်’ကားပေါ်မှာ လိုက်ပါလာသူတွေထဲက အသက် ၁၈ ကနေ ၂၂ အရွယ် အမျိုးသား ၁၁ ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ကလေးကို ရန်ကုန်ခေါ်လိုက်တယ်ဆိုတာက အသက်က ၁၈ နှစ်ပဲရှိသေးတယ်၊ ရွာတွေမှာ ဆွဲနေတယ်ဆိုတော့ ကလေးကို ရန်ကုန်မှာ အလုပ်လုပ်ဖို့ခေါ်လိုက်တာ၊ အခုဟာက တခြားမြို့နယ်မှာ အဆွဲခံရတာမဟုတ်ဘူး၊ မကွေးတိုင်း ကိုယ့်မြို့နယ်ထဲမှာ အဆွဲခံရတာ” လို့ ကျောင်းတော်ရာဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကျောင်းတော်ရာက အမျိုးသား ၆ ဦး၊ မုန်းအရှေ့ဘက်ကမ်း သမင်ခြံရွာက အမျိုးသား ၁ ဦး၊ ဘူးသယ်ရွာက အမျိုးသား ၂ ဦး၊ ရွှေလီထနှောင်းကုန်းရွာက အမျိုးသား ၂ ဦးဖြစ်ပြီး လက်ရှိမှာတော့ မကွေးမြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
“မနေ့က တချို့ဆို ဆက်မသွားရဲတော့ဘူး၊ အမျိုးသမီးတွေဆို ပြန်လာကြတာ၊ ဒီမနက် ရွာကလူတွေကတော့ လိုက်ကြတယ်၊ ဘူးသယ်ရွာက လူတွေကတော့ နေ့လယ်ကျမှ လိုက်ဖို့ ပြင်ဆင်နေကြတယ်၊ ကျောင်းတော်ရာကလည်း လိုက်ကြတယ်၊ သိန်း ၁၅၀ နဲ့ ရွေးဖို့ မကွေးထွေအုပ်ရုံးကိုလာခဲ့လို့ ပြောပါတယ်၊ လူ ၁ ဦးကို သိန်း ၁၅၀ ဆိုတော့ ကျမတို့မိဘတွေက ဘယ်အဆင်ပြေနိုင်မလဲ”လို့ သူက ဆက်ပြောပါတယ်။
အခုလိုလမ်းခရီးမှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေရှိနေတာကြောင့် ဒေသခံခရီးသွားတွေအနေနဲ့ စိုးရိမ်နေကြရကာ အဆိုပါစစ်ကော်မရှင်ဂိတ်ဟာလည်း အဲ့ဒီဒေသမှာ မကြာခဏဖမ်းဆီးတာတွေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာက အလုပ်သွားလုပ်တဲ့ လူငယ် ၄ ဦးကို ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ရွာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။
စာတည်း – လင်း