မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ ။
ပဲခူးခရိုင်ပကဖလှုပ်ရှားနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ် ကျိုက်ထိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားပြီး PDF ၃ ဦးနဲ့ အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးခရိုင်ပကဖနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက် မနက် ၁၁ နာရီခန့်မှာ သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇၊ အမတ ၃၁၀ တပ်တွေက ပူးပေါင်းအင်အား ၂၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ပဲခူးခရိုင်ပကဖတပ်ဖွဲ့ဝင်တွေအကြား မုက္ကမော့ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
” သူတို့ဘက်က အင်အားများတယ်။ ကိုယ့်ဘက်ကအင်အားနည်းတဲ့အချိန် ဝိုင်းခံလိုက်ရတယ်။ အရပ်သားတွေကိုလည်း အကြောင်းမဲ့ပစ်သတ်သွားတယ်။ ကျွဲနွားတွေကိုရောပဲ။ တိုက်ပွဲဖြစ်နေချိန်မှာ ရွာသားတွေက ကြောက်ကြောက်လန့်လန့်ပြေးကြတယ်။ ပြေးတဲ့ရွာသားတွေကို ပစ်သတ်တာ။ တိုက်ပွဲအခြေနေက ကိုယ်တွေဘက်က ကျတာရှိတယ်။ အဝိုင်းခံရပြီး ပြန်ထိုးဖောက်ထွက်ရတာကိုး”လို့ ပဲခူးခရိုင်ပကဖနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲအတွင်း အသက် ၂၀ ကနေ ၃၀ ကြား ပဲခူးခရိုင်ပကဖအဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့သလို မုက္ကမော့ကျေးရွာနေထိုင်တဲ့ အသက် ၅၀ ကနေ ၆၅ နှစ်ကြားရှိ ဦးကြက်ဥ၊ ဦးအေးသိန်း၊ ဦးစောနောင်၊ ဒေါ်မအေးတို့ ၄ ဦး ကျည်ထိမှန်သေဆုံးခဲ့တာကြောင့် စုစုပေါင်း ၇ ဦးသေဆုံးခဲ့တာပါ။
ဒါ့အပြင် မုက္ကမော့ရွာခံ အသက် ၇၂ နှစ် ဦးခင်ရှိန်၊ ၁၅ နှစ်အရွယ် မောင်စိုင်းကြယ်စင်၊ ၁၄ နှစ်အရွယ် မောင်သက်မိုးအောင်တို့မှာလည်း ဒဏ်ရာရခဲ့ပြီး နွား ၁၀ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းက မုက္ကမော့ကျေးရွာအတွင်းနေအိမ်တွေကပစ္စည်းတွေကိုယူဆောင်ကာ ခရွဲ၊ ချောင်းဝကျေးရွာတွေဘက်အထိ ထပ်မံစစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့အထိ အဲ့ဒီစစ်ကြောင်းဟာ ကျောက်ရေတွင်းကျေးရွာအနီး ရော်ဘာတောတွေမှာအထိုင်ချတပ်စွဲထားတာကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့စစ်ကြောင်းထိုးနေတာကြောင့် အိမ်ခြေ ၂၀၀ ကနေ ၇၀၀ ကြားရှိတဲ့ မုက္ကမော့၊ ခရွဲ၊ ချောင်းဝ၊ စစ်ကွင်း၊ ကျောက်ရေတွင်း၊ အခိုင်ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၇ ရွာလောက်ကဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။