တောင်ငူမှာ စစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

0 11
0 11

တောင်ငူ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၆။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာက စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးကို နေအိမ်မှာ ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း၊ တပ်ခွဲ ၁ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ နေပူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၆၀ အရွယ် ဦးစိန်မြင့်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီခန့်က သူ့နေအိမ်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“တော်လှန်ရေး ၅ နှစ်တာမှာ စစ်ကောင်စီဒေါက်တိုင်တွေကို ကျနော်တို့ပစ်မှတ် မှတ်ပုံတင်ထားတာရှိတယ်။ သူ့ရဲ့ အလစ်အငိုက်ကိုချောင်းပြီးတော့ လုပ်ခဲ့ရတာ။ သေနတ်နဲ့ပစ်ခဲ့တာ။ ကလေးတွေပစ်ခတ်ခဲ့တာက ၁၆ ချက်ပါ။ နေအိမ်မှာပဲ ပစ်ခတ်ခဲ့တာ”လို့ တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း၊ တပ်ခွဲ ၁ တာဝန်ရှိသူက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်မှာ နေရာမှာတင်သဆုံးပြီး အလောင်းကိုတော့ စစ်ကော်မရှင်အဖွဲ့တွေက လာကောက်သွားတယ်လို့ သိရပါတယ်။

သေဆုံးသူအုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ဟာ စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ပြီး သူ့ကိုအုပ်ချုပ်ရေးမှူးအလုပ်ကနေ နုတ်ထွက်ဖို့ စာနဲ့ရော လူကိုယ်တိုင်ပါ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် စစ်ကော်မရှင်အလိုကျ ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မနက်ပိုင်းမှာပင် ပိတောက်ကုန်းကျေးရွာ ဘောလုံးကွင်းမှာ ကျေးရွာနေ အသက် ၅၀ အရွယ် ဦးဇော်နိုင်သန်းဆိုသူပါ ကျည်ထိဒဏ်ရာတွေနဲ့သေဆုံးနေတာကို ရွာခံတွေက တွေ့ခဲ့ရပြီး သူ့ကိုဘယ်သူတွေက ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ် ၂၁ ရက်ကလည်း တောင်ငူမြို့နယ်၊ တောင်ငူ-သံတောင်သွားလမ်း မိုးကောင်းရွာနဲ့ အင်းဝိုင်းရွာနားလမ်းပေါ်မှာ အမှတ် ၃ နယ်မြေရဲစခန်းက ဆိုင်ကယ်နဲ့လာတဲ့ ရဲ ၂ ဦးပစ်ခတ်ခံရပြီး ဒုရဲအုပ် ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။